ရှေ့သို့
Image

ငြိမ်းချမ်းရေးဆွေးနွေးနေစဉ် အဆိပ်ဖြင့် တိုက်ခိုက်ခံခဲ့ရဖွယ်ရှိသည့် ရိုမန်အေဘရာမိုဗစ်ချ်

11:11 AM, 29 March

ယခုလအစောပိုင်းက ယူကရန်းအရေး ငြိမ်းချမ်းရေးဆွေးနွေးမှုကိုယ်စားလှယ်များနှင့်အတူ ရိုမန်အေဘရာမိုဗစ်ချ်သည် အဆိပ်ဖြင့် တိုက်ခိုက်ခံခဲ့ရဖွယ်ရှိပြီး ယင်း၏သက်ရောက်မှုအရ မျက်နှာအရေပြား ကွာကျခြင်း၊ ခေတ္တအမြင်ကွယ်ခြင်းတို့ ခံစားခဲ့ရကြောင်း သတင်းရင်းမြစ်များ၏ ပြောဆိုမှုများအရ ဒေးလီးမေးလ်သတင်းဌာနမှ ရေးသားဖော်ပြသည်။

ရိုမန်အေဘရာမိုဗစ်ချ်၏ အခွင့်ရကိုယ်စားလှယ်တစ်ဦးကလည်း ယခုအကြောင်းအရာအပေါ် အတည်ပြုခဲ့သော် လည်း အသေးစိတ်အချက်အလက်များကိုမူ ပြောကြားခဲ့ခြင်းမရှိပေ။ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီး အသင်းပိုင်ရှင်သည် ယခုလအစောပိုင်းတွင် ငြိမ်းချမ်းရေးကိုယ်စားလှယ်တစ်ဦး အဖြစ် ယူကရိန်းနိုင်ငံမြို့တော်၊ ကိဗ်မြို့၌ အစည်းအဝေးတစ်ခုတက်ရောက်ပြီးနောက် အဆိပ်ဖြင့် တိုက်ခိုက်ခံခဲ့ရဖွယ် ရှိကြောင်း The Wall Street Journal မှ ဖော်ထုတ်ရေးသားခဲ့သည်။

မတ် ၃ ရက်၊ ကိဗ်မြို့တော် အစည်းအဝေးနောက်ပိုင်းတွင် ရိုမန်အေဘရာမိုဗစ်ချ်ကဲ့သို့ အခြား ယူကရိန်းအရေး ငြိမ်းချမ်းရေးကိုယ်စားလှယ် ၂ ဦးမှာလည်း မျက်နှာနှင့် လက်တို့ရှိ အရေပြားများကွာကျခြင်း၊ မျက်စိနီ၍ မျက်ရည်များ အဆက်မပြတ်ကျဆင်းခြင်းကဲ့သို့ လက္ခဏာများ ခံစားခဲ့ရသည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ The Guardian သတင်းဌာန၏ ဖော်ပြမှုအရ ရိုမန်အေဘရာမိုဗစ်ချ်သည် နာရီများစွာကြာ အမြင်အာရုံပျောက်ဆုံးခဲ့ပြီး တူရကီနိုင်ငံရှိ ဆေးရုံတစ်ခုတွင် အရေးပေါ်ကုသမှုခံယူခဲ့ကြောင်း သိရသည်။

“ကျွန်တော့်ဆီ တိုက်ရိုက်ပြောဆိုထားတဲ့ သတင်းရင်းမြစ်တစ်ဦးအတည်ပြုမှုအရ Wall Street ဂျာနယ်နဲ့ Bellingcat သတင်းဌာနရဲ့ ဖော်ပြမှုတွေလိုပဲ အေဘရာမိုဗစ်ချ်မှာ အဆိပ်ခတ်ခံရတဲ့လက္ခဏာ တွေ့ခဲ့ရတယ်။ ရိုမန်ဟာ နာရီများစွာကြာ အမြင်အာရုံပျောက်ကွယ်ခဲ့ပြီးနောက် တူရကီမှာ ဆေးကုသမှု ခံယူခဲ့ရတယ်။ ဒီအတိုင်း ကျွန်တော့်ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်”ဟု The Guardian သတင်းဌာန၏ သတင်းထောက် ရှောင်ဝေါ်ကာက ပြောသည်။

မတ် ၃ ရက် ညပိုင်းမှာ ရိုမန်အေဘရာမိုဗစ်ချ်အပါအဝင် ငြိမ်းချမ်းရေးကိုယ်စားလှယ် ၃ ဦးသည် ခန်းမဆောင်တစ်ခုမှ ပြန်လည်ထွက်ခွာခဲ့ရာ ၎င်းတို့၏ မျက်စိစူးရှနာကျင်ခြင်း၊ ခန္ဓာကိုယ်အရေပြားကွာကျခြင်း တို့ကို နောက်တစ်ရက် နံနက်ပိုင်းထိအောင် ခံစားခဲ့ရကြောင်း သိရသည်။ ယခုလိုရောဂါလက္ခဏာများမပေါ် ပေါက်မီ နာရီအနည်းငယ်အတွင်း ၎င်းတို့သည် ရေနှင့် ချောကလက်ကိုသာ သုံးဆောင်ခဲ့ကြောင်း သိရသည်။

အထက်ပါအစားအစာအတိုင်း စားသုံးခဲ့သော လေးဦးမြောက် ယူကရိန်းအရေးကိုယ်စားလှယ်မှာမူ ယခုလို ရောဂါလက္ခဏာများ ခံစားခဲ့ရခြင်းမရှိကြောင်း သိရသည်။ ဓါတုလက်နက်ကျွမ်းကျင်ပညာရှင်များနှင့် Bellingcat သတင်းဌာန၏ အဆိုအရ ရိုမန်အေဘရာမိုဗစ်ချ်တို့ ၃ ဦး ခံစားခဲ့ရသော လက္ခဏာများသည် အမည်မဖော်ပြနိုင်သော ဓါတုလက်နက်တစ်ခုဖြင့် ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှု၏ ရလဒ်များနှင့် တော်တော်များများ တူညီနေသည်ဟု ပြောဆိုခဲ့သည်။

နောက်ရက်သတ္တပတ်အဆုံးတွင်တော့ ရိုမန်အေဘရာမိုဗစ်ချ်အပါအဝင် ယူကရိန်းအရေး ငြိမ်းချမ်းရေးဆွေးနွေးမှုကိုယ်စားလှယ် ၃ ဦးသည် ရောဂါလက္ခဏာများ ပျောက်ကင်းသက်သာလာခဲ့ကြောင်း သိရသည်။

#အေဘရာမိုဗစ်ချ်