ရှေ့သို့
Image

ရန်းနစ်ရဲ့အဆိုပြုချက်အရ လာမယ့်ရာသီ ပရီးမီးယားလိဂ်ကစားသမားတွေနဲ့ ဒိုင်လူကြီးတွေအတူ လေ့ကျင့်ခန်းဆင်းဖွယ်ရှိနေ

10:37 AM, 29 March

ယူနိုက်တက်ယာယီနည်းပြ ရက်ဖ် ရန်းနစ်ရဲ့ အဆိုပြုချက်အရ ဒိုင်လူကြီးတွေဟာ လာမယ့်ရာသီ ပရီးမီးယားလိဂ် ကလပ်တွေနဲ့အတူ လေ့ကျင့်ခန်းဆင်းနိုင်တယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ်ဒိုင်လူကြီးတွေရဲ့ စွမ်းဆောင်ရည်အပေါ် စိုးရိမ်မှုတွေ မြင့်တက်လာချိန် ရန်းနစ်က ဒိုင်တွေသာ ကလပ်တွေရဲ့ လေ့ကျင့်ရေးကွင်းတွေမှာ လေ့ကျင့်ခန်းအတူလုပ်မယ်ဆိုရင် ကစားသမားတွေနဲ့ ဒိုင်တွေကြား ဆက်ဆံရေးကို တိုးမြင့်နိုင်မယ်လို့ အဆိုပြုခဲ့တာ ဖြစ်ပါတယ်။

ရန်းနစ်က ဒိုင်လူကြီးအဖွဲ့ဥက္ကဌ မိုက် ရီလေးနဲ့ နည်းပြတွေ တွေ့ဆုံတဲ့ပွဲမှာ ဒိုင်တွေအနေနဲ့ ပွဲတွေမှာပဲ ကစားသမားတွေကို တွေ့ရတာထက်စာရင် လေ့ကျင့်ရေးကွင်းမှာ အတူတွဲလေ့ကျင့်မယ်ဆိုရင် ကစားသမားတွေအကြောင်း ပိုသိလာမယ်လို့ ဆိုခဲ့ပါတယ်။ ဂျာမန်သားရဲ့ အမြင်ကိုတော့ အခြားကလပ်တွေကလည်း ထောက်ခံခဲ့ကြပြီး ဒိုင်တွေကို ပရီးမီးယားလိဂ်ကလပ်တွေက အကောင်းစား ပစ္စည်းတွေ ပေးသုံးသင့်တယ်လို့ သဘောတူခဲ့ကြပါတယ်။

ရန်းနစ်ရဲ့ တင်ပြချက်ကို ဒိုင်အဖွဲ့ချုပ်က ဆွေးနွေးလက် ရှိနေပြီး လာမယ့်ရာသီမှာ စတင်ကျင့်သုံးလာနိုင်တယ်လို့ Daily Mailက ဖော်ပြခဲ့ပါတယ်။ အသေးစိတ်အချက်အလက်တွေ မသိရသေးပေမဲ့ ယခုအပြောင်းအလဲကြောင့် ဒိုင်တွေအနေနဲ့ ကလပ်တွေက ပစ္စည်းတွေကို အသုံးပြုခွင့်ရနိုင်ပြီး ကိုယ့်ရဲ့ လုပ်ဆောင်ချက်အပေါ် ပိုပြီး နားလည်နိုင်ဖို့ လေ့ကျင့်ရေးကွင်းက ပွဲတွေကိုလည်း ကိုင်တွယ်ရနိုင်ပါတယ်။

လက်ရှိ ယူနိုက်တက်ကို ယာယီနည်ပြအဖြစ် ကိုင်တွယ်နေပြီး ရာသီကုန်ရင် တာဝန်ရှိသူ၁ဦး ဖြစ်လာမယ့် ရန်းနစ်က အန်တိုနီ တေလာ၊ မိုက်ကယ် အိုလီဗာ၊ ကီဗင် ဖရန့်တို့လို ဒိုင်တွေကို လေ့ကျင့်ရေးကွင်းဆီ ခေါ်လာခြင်းက ကစားသမားတွေအကြောင်း ပိုသိကာ ကြိုတင်မှန်းဆချက်တွေ ပြုလုပ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။

ယခုနှစ်ရာသီ ဒိုင်တွေရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေကြောင့် ၂ရက်တာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲမှာ ပွဲကြမ်းမယ်ထင်ခဲ့ကြပေမဲ့ တကယ်တမ်းမှာတော့ အံ့အားသင့်ဖွယ် ကောင်းမွန်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ခဲ့တယ်လို့ အတွင်းသတင်းတွေက ဆိုပါတယ်။ #မန်ချက်စတာယူနိုက်တက် #ရန်းနစ်