ရှေ့သို့
Image

အီတလီအသင်းမှာ ဆက်နေပြီး ကမ္ဘာ့ဖလားလဲ ရနိုင်ပါသေးတယ်လို့ ဆိုလိုက်တဲ့ မန်ချီနီ

9:32 AM, 29 March

ရော်ဘတ်တို မန်ချီနီဟာ သူ့ရဲ့ အီတလီ အသင်းအနေနဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ဝင်ခွင့်ကို မရခဲ့ပေမယ့် သူဟာ အီတလီ အသင်းကနေ နုတ်ထွက်သွားမှာ မဟုတ်သလို အသင်းအနေနဲ့လဲ ကမ္ဘာ့ဖလားရယူနိုင်သေးတယ်လို့ ဆိုလိုက်ပါတယ်။

၂၀၂၂ ယူရို ချန်ပီယံအီတလီအသင်းဟာ ‌မြောက် မက်ဆီဒိုးနီးယားအသင်းကို အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့ပြီး ၂၀၂၂ကာတာ ကမ္ဘာ့ဖလားဝင်ခွင့်ကို ဆုံးရှုံးခဲ့ရပါတယ်။ အသင်းအနေနဲ့ အခုလို ရလဒ်ကြောင့် စိတ်ပျက်ဖွယ် အခြေအနေနဲ့ ကြုံတွေ့ခဲ့ရပေမယ့် နည်းပြမန်ချီနီဟာ အသင်းက ထွက်ခွာသွားမှာမဟုတ်ပဲ သူ့အနေနဲ့ သူ့ရဲ့ အိပ်မက်ဖြစ်တဲ့ ကမ္ဘာ့ဖလားကို အီတလီအသင်းနဲ့ ရယူနိုင်သေးတယ်လို့ ဆိုလိုက်ပါတယ်။

"ကျွန်တော် အီတလီဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဂါဘရီလီ ဂါရာဗီနာနဲ့ ပြောပြီးပါပြီ။ ကျွန်တော်တို့ မှာ တွေးတာလေးတွေ တူနေတာရှိပါတယ်"လို့ မန်ချီနီက တူရကီနဲ့  ချစ်ကြည်ရေးပွဲ မကစားခင် ပွဲကြို သတင်းစာရှင်းလင်း‌ပွဲမှာ ပြောခဲ့ပါတယ်။

"ကျွန်တော်တို့ ခုလာမယ့်ပွဲပြီးရင်လဲ ထပ်ပြီး စကားပြောသွားဦးမှာပါ။ ကျွန်တော်တို့အသင်းရှေ့လျှောက် ဘာတွေ တိုးတက်အောင်ပြင်ဆင်သွားရမလဲဆိုတာကို ကျွန်တော်တို့ အေးဆေးတည်ငြိမ်စွာ စဉ်းစားသွားပါမယ်"ဘာကြောင့် နည်းပြအဖြစ် ဆက်လက်တာဝန်ယူသွားချင်တာလဲ ဆိုတဲ့မေးခွန်းကိုတော့"ဘာကြောင့်လဲဆိုတော့ ကျွန်တော်က အသက်အရွယ်အားဖြင့်‌ ငယ်သေးလို့ပါ။ ကျွန်တော် အသင်းနဲ့အတူ ဥရောပ ချန်ပီယံရော ကမ္ဘာ့ဖလားရော အနိုင်ရချင်ပါတယ်။ ကျွန်တော် ကမ္ဘာ့ဖလားရဖို့ ကျန်ပါသေးတယ်။ ကျွန်တော့် အလုပ်ကို ကျွန်တော်ကြိုက်ပါတယ်။ ပျော်စရာတွေ အများကြီး ရနိုင်ပါသေးတယ်။ ကျွန်တော့် ကစားသမားတွေနဲ့ အရေးကြီးတဲ့ အရာတစ်ခုကို လုပ်ပြနိုင်ပါဦးမယ်"လို့ ဆိုပါတယ်။

မန်ချီနီဟာ အီတလီအသင်းကို ၂၀၁၈ ခုနှစ်က စတင်ကိုင်တွယ်ခဲ့ပြီး အသင်းနဲ့ စာချုပ်သက်တမ်း ‌၄ နှစ်ကျန်ရှိနေပါသေးတယ်။ တူရကီအသင်းနဲ့ ခြေစမ်းပွဲကစားပြီးလျှင် နိုင်ငံတကာလိဂ်ပွဲစဉ်အဖြစ် ဂျာမနီ ၊ဟန်ဂေရီ ၊ အင်္ဂလန်အသင်းတို့နဲ့ ဇွန်လထဲမှာ ကစားရဖို့ရှိနေပါတယ်။ နည်းပြဟာ ထိုပွဲတွေအတွက် အသင်းမှာ အပြောင်းအလဲ ပြုလုပ်ဖို့ ရှိတယ်လို့ ပြောထားပါတယ်။

"ကျွန်တော်တို့ လူငယ်ကစားသမားတချို့ကို အသင်းမှာ ရွေးချယ်ကစားခွင့်ပြုသွားပါမယ်။ ဒါကြောင့်ပဲ သူတို့အနေနဲ့ သူတို့ရဲ့ ကလပ်တွေမှာ အခွင့်အရေးတွေ ရသွားလိမ့်မယ်လို့ ထင်ပါတယ်။ ဒါဟာ အရေးပါပါတယ်။ အီတလီအသင်း အတွက် ကိုယ်စားပြု ကစားခွင့်ရချင်တဲ့ အနာဂတ်မှာ တောက်ပလာနိုင်တဲ့ လူငယ်ကစားသမားတွေ အများကြီး ရှိပါတယ်""ကျွန်တော်တို့ လူငယ်ကစားသမားတွေရဲ့ စွမ်းရည်ကို ကြည့်ရမယ်။ သူတို့ရဲ့ လက်ရှိအသင်းမှာ စွမ်းဆောင်ရည် ၊ ထပ်ပေါင်းအနေနဲ့ နောက်ကမ္ဘာ့ဖလားမှာရော ကမ္ဘာ့ဖလား ရနိုင်မလား ၊ ကျွန်တော်တို့အများကြီး ကြည့်ရပါမယ်။ သေချာတာကတော့ နောက်ပွဲတွေမှာ ပြောင်းလဲမှုတွေ ပြုလုပ်သွားပါမယ်။ ပြီးခဲ့တဲ့ နှစ်နှစ်က ယူရိုကို ပြန်ကြည့်ရပါမယ်။ အရင်ဆုံး ခြေစစ်ပွဲအောင်အောင် လုပ်ရပါမယ်။ ဒါက ကျွန်တော်တို့ရဲ့ တာဝန်ပါပဲ"လို့ မန်ချီနီက ဆိုခဲ့ပါတယ်။

#အီတလီ #၂၀၂၂ကမ္ဘာ့ဖလားခြေစစ်ပွဲ #မန်ချီနီ