ရှေ့သို့
Image

ဒါဘီအသင်းကိုဝယ်ယူဖို့ စိတ်ဝင်စားကြောင်း ထုတ်ပြောလာတဲ့ မင်းသားကြီးဂျော့ကလူနေး

5:22 PM, 26 March

ကမ္ဘာကျော်ရုပ်ရှင်မင်းသားကြီး ဂျော့ကလူနေးကတော့ ချန်ပီယံရှစ်မှာ ရုန်းကန်နေရတဲ့ ဒါဘီကောင်တီအသင်းကို ဝယ်ယူဖို့စိတ်ဝင်စားတဲ့အကြောင်း ပြောလာပါတယ်။ အသက် ၆၀ အရွယ်ရှိပြီဖြစ်တဲ့ ကလူနေးဟာ ဘောလုံးကိုဘယ်လောက်ထိ စိတ်ဝင်စားကြောင်း၊ သူနဲ့မင်းသားဂျက်အိုကွန်နယ်တို့ နှစ်ယောက်စလုံးဟာ ဒါဘီအသင်းရဲ့ ပရိသတ်တွေဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ 

ကလူနေးဟာ ယခင်ကလည်း စပိန်ကလပ် မာလာဂါကို ဝယ်ယူဖို့ကြိုးစားခဲ့ဖူးပါတယ်။ အခုတော့ ချန်ပီယံရှစ်မှာ ဘဏ္ဍာရေးစည်းကမ်းချိုးဖောက်မှုတွေကြောင့် ၂၁ မှတ်လျှော့ခံရပြီး တန်းဆင်းဇုန်က လွတ်ဖို့ ၈ မှတ်လောက် လိုနေသေးတဲ့ ဒါဘီအသင်းကို ဝယ်ယူဖို့စိတ်ဝင်စားလာပြန်တာလည်း ဖြစ်ပါတယ်။ 

ကလူနေးက “ ဒါဘီက သိပ်ကောင်းတဲ့ သမိုင်းကြောင်းတစ်ခုနဲ့ ထင်ရှားတဲ့အသင်းတစ်သင်း ဖြစ်ပါတယ်။ အနာဂတ်မှာလည်း ပိုကောင်းလာမှာ သေချာပါတယ်။ လက်တလောမှာတော့ သူတို့ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမယ့် ဒီလိုအခြေအနေမျိုးမှာ အသင်းက အရမ်းကြိုးစားပြီး ခြေစွမ်းကောင်းနေရင်တောင် ဘာမှလုပ်လို့မရပါဘူး။ 

လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက ကျွန်တော်ဘောလုံးလောကကို ပိုစိတ်ဝင်စားလာပါတယ်။ အဲ့ဒါကြောင့်လည်း စပိန်ဘောလုံးအသင်း မာလာဂါကို ဝယ်ယူချင်တဲ့ အဖွဲ့တွေထဲမှာ ကျွန်တော်လည်းပါခဲ့တာပေါ့။ မာလာဂါကိုမရပေမယ့် ဘောလုံးအသင်းတစ်သင်းကို ပိုင်ဆိုင်ရတာ စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ တစ်နေ့နေ့ကျရင်တော့ အကောင်းဆုံးအသင်းတစ်သင်းကို ပိုင်ဆိုင်နိုင်မယ် ထင်ပါတယ် ” လို့ ပြောခဲ့ပါတယ်။ 

လက်ရှိဒါဘီအသင်းရဲ့ နည်းပြဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင် ဝိန်းရွန်းနီကတော့ သူ့ရဲ့အသင်းရဲ့ အခြေအနေက တော်တော်လေး ထိတ်လန့်ဖို့ကောင်းတဲ့အကြောင်း ပြောခဲ့ပါတယ်။ အသင်းဟာ လက်ရှိအချိန်မှာ အစိုးရထောက်ပံ့မှုနဲ့ ရှေ့ဆက်နေရပြီး ဝယ်သူမရှိရင် အသင်းဖျက်သိမ်းရတဲ့အထိကို အခြေအနေဆိုးသွားနိုင်တာကြောင့် အသင်းကိုဝယ်ယူနိုင်မယ့်သူကို အပူတပြင်း လိုအပ်နေပါတယ်။ 

#ဒါဘီ #ရွန်းနီ #ဂျော့ကလူနေး