လက်ဆောင်ဂိုး ၁ဂိုးနဲ့အတူ ပထမအကျော့မှာ ဆီနီဂေါကို အသာရသွားတဲ့ အီဂျစ်
9:17 AM, 26 March
ပွဲအစပိုင်းမှာ ရရှိခဲ့တဲ့ ဆီနီဂေါရဲ့OG သွင်းဂိုး၁ဂိုးက အီဂျစ်ကို ပထမအကျော့မှာ နိုင်ပွဲရဖို့ လုံလောက်စေခဲ့ပါတယ်။ ယခုပွဲစဉ်ကတော့ လီဗာပူးကြယ်ပွင့်တွေဖြစ်နဲ့ ဆာလက်နဲ့ မာနေးတို့ရဲ့ နိုင်ငံအသင်းတွေ ဘယ်အသင်းက ကမ္ဘာ့ဖလား သွားရမလဲ ယှဉ်ပြိုင်ကြတဲ့ပွဲစဉ်လည်း ဖြစ်ပါတယ်။
ယခုပွဲမှာ ဆာလက်ရဲ့ အီဂျစ်က အနိုင်ရခဲ့ပေမဲ့ အနိုင်ရလဒ် ကျဉ်းမြောင်းတဲ့အတွက် လာမယ့်ဒုတိယအကျော့မှာ ပိုအားထုတ်ဖို့ လိုအပ်နေပါတယ်။ ဆစ်ရဲ့ OGဂိုးသာ ယခုပွဲအတွင်း မြင်ခဲ့ရပြီး မာနေး၊ ဆား၊ ဂူယီတို့ရဲ့ ကန်ချက်တွေကို အီဂျစ်ဂိုးသမား အယ်ရှီနာဝီ ကာကွယ်သွားနိုင်ခဲ့ပါတယ်။
တစ်ဖက်မှာတော့ DRကွန်ဂိုနဲ့ မော်ရိုကိုတို့ ၁ဖက်၁ဂိုးစီ သရေကျခဲ့ပြီး အယ်ဂျီးရီယားက ဆလီမာနီရဲ့ သွင်းဂိုးနဲ့ ကင်မရွန်းကို နိုင်ခဲ့ကာ တူနီးရှားကလည်း မာလီကို ၁-၀ဂိုးနဲ့ပဲ ကန်နိုင်ခဲ့ပါတယ်။ ပွဲကြီးပွဲကောင်းဖြစ်မယ် ထင်ထားခဲ့တဲ့ ဂါနာနဲ့ နိုင်ဂျီရီးယားတို့ကတော့ ဂိုးမရှိ သရေကျခဲ့တာကြောင့် ဒုတိယအကျော့ကို ဆက်ကြည့်ရမှာ ဖြစ်ပါတယ်။