ဆွစ်ဇာလန်နှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ နှစ်ကျော့တွင် ပယ်နယ်တီ လွဲချော်မှု ၂ ခုအတွက် နာကျင်နေဆဲ ဂျော်ဂျင်ဟို
1:08 PM, 25 March
ချဲလ်ဆီးအသင်း ကွင်းလယ်လူ ဂျော်ဂျင်ဟိုသည် ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုအဆင့် ဆွစ်ဇာလန်အသင်းနှင့် အိမ်ကွင်းအဝေးကွင်း ပွဲစဉ်တို့တွင် ရရှိခဲ့သော အဖိုးတန်ပယ်နယ်တီ အခွင့်အရေး ၂ ကြိမ် လွဲချော်ခဲ့မှုအတွက် နာကျင်နေဆဲဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်း ဆွစ်ဇာလန်နိုင်ငံတွင်ကစားခဲ့သည့် ပွဲစဉ်တွင် ပွဲချိန် ၅၃ မိနစ်၌ ရရှိခဲ့သော ပယ်နယ်တီ၊ နိုဝင်ဘာလအတွင်း အီတလီနိုင်ငံ၊ ရောမအိုလံပစ်ကွင်းတွင် ကစားခဲ့သည့် ပွဲစဉ်တွင် ပွဲချိန် ၉၀ မိနစ်၌ ရရှိခဲ့သော ပယ်နယ်တီတို့အား အီတလီကွင်းလယ်လူက ကန်သွင်းခဲ့ရာ ၂ ကြိမ်လုံး လွဲချော်ခဲ့ပြီး ဆွစ်ဇာလန်အသင်း၏ နောက်ကောက်ချမှုကို ခံစားခဲ့ရသည်။
“ဒီအကြောင်းအရာကို ပြန်စဉ်းစားမိတိုင်း ကျွန်တော်နာကျင်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအကြောင်းအရာ ကို ကျွန်တော် အခုထိ တွေးတောမိဆဲဖြစ်သလို့ ဘဝရဲ့ လက်ကျန်အချိန်တိုင်းမှာ နာကျင်နေရပါလိမ့်မယ်။ ကိုယ့်ရဲ့အသင်းနဲ့ နိုင်ငံအပေါ် ကူညီပေးနိုင်ဖို့အတွက် ရရှိလာတဲ့ အခွင့်အရေးနှစ်ကြိမ်လုံးကို လွဲချော်ခဲ့တယ်။ ဒီလွဲချော်မှုဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို ကျွန်တော်ဘဝတစ်ခုလုံးထမ်းပိုးရမှာဖြစ်လို့ ဒါကြီးက ကျွန်တော့်အတွက် အလွန်လေးလံလွန်းပါတယ်။ အများကတော့ ကျွန်တော့်တို့အနေနဲ့ လက်မြှောက်အရှုံးပေးတာမျိုးမလုပ်ဘဲ ဆက်သွားဖို့ ပြောကြပေမယ့် ဒီလောက်ကောင်းတဲ့အခွင့်အရေးကို လွဲချော်ခဲ့မှုက အရမ်းဆိုးရွားပါတယ်”ဟု ဂျော်ဂျင်ဟိုက ပြောသည်။
ခြေစစ်ပွဲအုပ်စုအဆင့်တွင် အုပ်စုဒုတိယသာ ရရှိခဲ့သော အီတလီလက်ရွေးစင်အသင်းသည် ခြေစစ်ပွဲရှုံးထွက် အဆင့်ကစားရမည့်အခြေအနေသို့ ဆိုက်ရောက်ခဲ့ပြီး ယမန်နေ့ညပိုင်းက မြောက်မက်ဆီဒိုးနီးယားနှင့် ခြေစစ်ပွဲရှုံးထွက်ပွဲစဉ်တွင် ရှုံးနိမ့်ကာ ၂၀၂၂ ကမ္ဘာ့ဖလားဝင်ခွင့်အိမ်မက် စွန့်လွှတ်ခဲ့ရသည်။ အီတလီ လက်ရွေးစင်ဘောလုံးအသင်းသည် ကမ္ဘာ့ဖလားဝင်ခွင့်မရသည့် ယူရိုလက်ရှိချန်ပီယံအဖြစ် ၂၀၀၆ ကမ္ဘာ့ဖလားဝင်ခွင့်မရခဲ့သော ဂရိအသင်းနှင့်အတူ မှတ်တမ်းဝင်သွားသည်။
ဂျော်ဂျင်ဟိုက “ဘာတွေဖြစ်ခဲ့သလဲဆိုတာ ရှင်းပြဖို့ တော်တော်ခက်ပါတယ်။ အရမ်းနာကျင်ရပါတယ်။ အရိုးသားဆုံးပျော်ရရင် ကျွန်တော် အခုထိ မယုံနိုင်သေးဘူး။ ကျွန်တော်တို့အသင်း ဖန်တီးနိုင်စွမ်းကင်းမဲ့ခဲ့တယ် လို့ မတွေးမိပါဘူး။ ပွဲကိုထိန်းချုပ်ပြီးတော့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့တယ်။ ကံမကောင်းစွာနဲ့ဘဲ ဒါကို အဆုံး မသတ်နိုင်ခဲ့ဘူး။ ကျွန်တော်တို့ ဘောလုံးကောင်းကောင်းကစားခဲ့လို့ ပြီးခဲ့တဲ့နွေရာသီမှာ ယူရိုချန်ပီယံအဖြစ် အောင်ပွဲခံနိုင်တယ်။ ကံမကောင်းစွာနဲ့ဘဲ ပွဲအချို့မှာ ကျွန်တော်တို့ ပြုလုပ်ခဲ့တဲ့အမှားတချို့အပေါ် ပြန်လည်ဖာ ထေးနိုင်မှုမရှိခဲ့ဘူး။ ဒီအမှားတွေဟာ ကွဲပြားခြားနားမှုတစ်ခုကို ဖြစ်စေပါတယ်”ဟု ဝန်ခံပြောကြားသည်။
မြောက်မက်ဆီဒိုးနီးယား အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် အီတလီဘောလုံးသမိုင်းတွင် ကမ္ဘာ့ဖလားဝင်ရောက် ယှဉ်ပြိုင်ခွင့် နှစ်ကြိမ်ဆက်လွဲချော်မှုအဖြစ် စာရင်းဝင်သွားသည်။