ရှေ့သို့
Image

ကမ္ဘာ့ဖလားခြေစစ်ပွဲမအောင်ခဲ့တဲ့ အီတလီကို အင်္ဂလန် ပရိသတ်တွေ လှောင်ပြောင်

10:48 AM, 25 March

ကမ္ဘာ့ဖလား play-off ဆီမီးဖိုင်နယ်မှာ မြောက်မက်ဆီဒိုးနီးယားကို အိမ်ကွင်းမှာ ၁-၀ နဲ့ အရေးနိမ့်ခဲ့တာကြောင့် ဥရောပချန်ပီယံ အီတလီဟာ နှစ်ကြိမ်ဆက် ကမ္ဘာ့ဖလားဝင်ခွင့်နဲ့ လွဲချော်ခဲ့မှုကို အင်္ဂလန်ပရိသတ်တွေက ဆိုရှယ်မီဒီယာကနေ လှောင်ပြောင်နေကြပါတယ်။ တစ်ချို့ပရိသတ်တွေကတော့ အီတလီရဲ့ခြေစစ်ပွဲ မအောင်မြင်မှုဟာ ကြီးမားတဲ့ ကပ်ဆိုက်မှုပဲလို့ ပြောခဲ့သလို၊ ပွဲသုံးသပ်သူဂယ်ရီလိုင်နီကာကလည်း အမြင့်ကကျတော့ ပိုနာတယ်ဆိုပြီး ပြောခဲ့ပါတယ်။

တစ်ချို့ကတော့ ယူရို ၂၀၂၀ ဖိုင်နယ်မှာ ပင်နယ်တီနဲ့ အင်္ဂလန်ကို အနိုင်ရရှိခဲ့ပြီးနောက် အီတလီနောက်ခံလူ လီယိုနာဒိုဘိုနူချီက ကင်မရာကိုကြည့်ပြီး It’s coming Rome ဆိုပြီး ပြောခဲ့တာကို ပြန်ပြီး လက်စားချေခဲ့ကြတာကိုလည်း မြင်တွေ့ရပါတယ်။

လိုင်နီကာကလည်း သူ့ရဲ့တွစ်တာမှာ “အီတလီအတွက်တော့ ဥရောပချန်ပီယံကနေ play-off ဖိုင်နယ်တောင် မတက်နိုင်တဲ့ အဆင့်ရောက်သွားတယ်ဆိုတာ အမြင့်ရောက်နေလို့ အကျနာတာမျိုးပဲ” ဆိုပြီး တင်ခဲ့ပါတယ်။ နာမည်ကျော် အပြောင်းအရွှေ့သတင်းထောက် ဖာဘရီဇီယိုရိုမာနိုကလည်း “၂၀၁၈ ရုရှားကမ္ဘာ့ဖလားကို လွဲချော်ပြီးတော့ ၂၀၂၂ ကမ္ဘာ့ဖလားကိုလည်း ထပ်လွဲပြန်ပါပြီ။ ကံဆိုးလိုက်တဲ့ အီတလီ ” ဆိုပြီး တင်ခဲ့ပါတယ်။ အင်္ဂလန်ပရိသတ်တွေကတော့ နှစ်ကြိမ်ဆက် ခြေစစ်ပွဲမအောင်တဲ့ အီတလီအသင်းကို “အီတလီနောက်ဆုံး ခြေစစ်ပွဲအောင်ခဲ့တဲ့ ကမ္ဘာ့ဖလားက ရစ်ကီလမ်ဘတ် အင်္ဂလန်အသင်းမှာပါတဲ့နှစ်လား”“အီတလီကတော့ ကမ္ဘာ့ဖလားကို နှစ်ကြိမ်ဆက် လွဲခဲ့ပြီး၊ ဒီအားကစားက တကယ့်ကိုမယုံနိုင်စရာပဲ” ဆိုပြီး မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။

တစ်ချို့ကတော့ memes တွေ gifs တွေနဲ့ အီတလီသားတွေရဲ့ ကျရှုံးမှုကို လှောင်ပြောင်ခဲ့ကြပါတယ်။ ပရိသတ်တွေက “ဒီတစ်ခေါက်ရော ရောမကိုမလာတော့ဘူးလား”ဆိုပြီး ဘူနူချီရဲ့ it’s coming Rome ဆိုတဲ့ စကားကို ပြန်လည်လှောင်ပြောင်ခဲ့ကြပါတယ်။ အီတလီဟာ လွန်ခဲ့တဲ့ ၄ နှစ်ကလည်း ကမ္ဘာ့ဖလားကို ၁၉၅၈ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လွဲချော်ခဲ့ပါတယ်။

ဥရောပချန်ပီယံအသင်းဟာ မြောက်မက်စီဒိုးနီးယားကစားသမား အလက်ဇန္ဒားထရက်ဂျ်ကော့ဗ်စကီးရဲ့ ပွဲချိန် ၉၂ မိနစ်မှာ သွင်းယူခဲ့တဲ့ အသည်းခွဲဂိုးကြောင့် ၁-၀ နဲ့ အရေးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။ နည်းပြရော်ဘတ်တိုမန်စီနီရဲ့ အီတလီဟာ လွန်ခဲ့တဲ့ ၈ လကမှ အင်္ဂလန်ကို ဝင်ဘာလေမှာ အနိုင်ယူပြီး ယူရို ၂၀၂၀ ချန်ပီယံဖြစ်ခဲ့ပေမယ့် အခုချိန်မှာတော့ ကမ္ဘာ့ခြေစစ်ပွဲတောင် မအောင်တဲ့အသင်း ဖြစ်သွားခဲ့ပါပြီ။

#မြောက်မက်ဆီဒိုးနီးယား #အင်္ဂလန် #အီတလီ #ကမ္ဘာ့ဖလားခြေစစ်ပွဲ