မန်စီးတီးနဲ့ လီဗာပူးတို့ကြား အရေးပါတဲ့အချိန်တစ်ခုအကြောင်း ရီဗယ်ဒို အခိုင်အမာ ပြောကြား
10:02 AM, 25 March
ဘရာဇီးဂန္ထဝင် ရီဗယ်ဒိုက လီဗာပူးနဲ့ မန်စီးတီးတို့ကြား စိတ်ဓာတ်ပိုင်းဆိုင်ရာတောင့်တင်းတဲ့သူက ရာသီအကုန်မှာ အောင်မြင်မှု ပိုရလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဂွါဒီယိုလာရဲ့ စီးတီးဟာ လီဗာပူး အသင်းကို ၁၄ မှတ်အကွာနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဇန်နဝါရီမှာ ၁ မှတ်သာ ကွာဟတော့တာဖြစ်ပါတယ်။
လီဗာပူးဟာ မန်စီးတီးနဲ့ကြားက ကွာဟချက်ကို လျော့ချနိုင်ခဲ့ပြီး လက်ကျန်ပရီးမီးယားလိဂ် ၉ ပွဲ ကစားဖို့ ကျန်ရှိနေပါတယ်။ ဒီရာသီချန်ပီယံဆုအတွက် မန်စီးတီး နဲ့ လီဗာပူးတို့ကြား အားပြိုင်ရဖွယ်ရှိနေတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အပြင် အခြားပြိုင်ပွဲတွေမှာလည်း အားပြိုင်ဖွယ်ရှိနေပါတယ်။
လီဗာပူး နဲ့ မန်စီးတီးတို့ဟာ လာမယ့်လအက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ တွေ့ဆုံကြမှာဖြစ်ပြီး အများစုက ချန်ပီယံလိဂ်မှာ ထပ်မံတွေ့ဆုံမယ်လို့ ယုံကြည်နေကြပါတယ်။ ရီဗယ်ဒိုက ၂ သင်းကြား ပြိုင်ဆိုင်မှုက နှစ်အတော်ကြာ ရှိနေမယယ်လို့ ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာတိုက်စစ်မှူးဟောင်းက လက်ရှိမှာ လီဗာပူး ဒါမှမဟုတ် မန်စီးတီးကို မရွေးချယ်နိုင်သေးဘူးလို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။
“မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လီဗာပူးက ၁ မှတ်ပဲ ကွာဟပါတော့တယ်။ အက်ဖ်အေဆီမီးဖိုင်နယ်မှာလည်း တွေ့ဆုံနေပါတယ်။ ချန်ပီယံလိဂ်မှာတောင် တွေ့နိုင်ပါတယ်။ ၂ သင်းကြား ပြိုင်ဆိုင်မှုက တော်တော်လေး ပြင်းထန်ပါတယ်။ လာမယ့်ရာသီ အနည်းငယ်လောက်မှာလည်း သူတို့ ၂ သင်းကြားပဲ ပြိုင်ဆိုင်မှု ပြင်းထန်နိုင်ပါတယ်။ ၂ သင်းစလုံးက ထိပ်တန်းအသင်းတွေပါ။ ပြီးတော့ ထိပ်တန်းနည်းပြ နဲ့ ထိပ်တန်းကစားသမားတွေ ရှိနေပါတယ်။ ကျွန်တော့်အတွက်တော့ ဘယ်သူက ဆုဖလားရမယ်ဆိုတာ မမှန်းနိုင်သေးပေမယ့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပိုကောင်းတဲ့သူက အသာရပါလိမ့်မယ်”လို့ ရီဗယ်ဒိုက ပြောကြားခဲ့ပါတယ်။
ကလော့ပ်ရဲ့ လီဗာပူးက ဒီရာသီကာရာဘောင်ဖလားရယူထားနိုင်ခဲ့ပြီးဖြစ်ကာ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် မန်စီးတီး နဲ့ အားပြိုင်ရမှာဖြစ်သလို အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ဖလားလမ်းကြောင်းပေါ်မှာလည်း ရှိနေဆဲဖြစ်ပါတယ်။