ရှေ့သို့
Image

လီဗာပူးမှာ ကျွန်တော့်ရဲ့ လှပတဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ရှိတယ်လို့ ကော်တင်ဟို ပြော

1:41 PM, 24 March

လီဗာပူးကစားသမားဟောင်း ဖိလစ်ပီကော်တင်ဟိုက အန်ဖီးလ်မှာရှိခဲ့တဲ့ အချိန်တွေသည် အရမ်းလှပခဲ့ကြောင်း ပြောခဲ့သလို သူရဲ့ ဘာစီလိုနာ ကစားသမားဘဝကတော့ အစီအစဉ်အတိုင်း ဖြစ်မလာခဲ့ဘူးလို့ ဝန်ခံပြောကြားခဲ့ပါသည်။

အသက် ၂၉ နှစ်အရွယ်ရှိ ဘရာဇီးလ်ကစားသမားသည် လီဗာပူးတွင် ၅ နှစ်ကြာ ကစားခဲ့ချိန်အတွင်း ပရီးမီးယားလိဂ်၏ အကောင်းဆုံးကစားသမားများအနက် တစ်ဦးအဖြစ် ဂုဏ်ပြုခံရသလို  ဥရောပတစ်လွှားက ထိပ်သီးကလပ်များက စောင့်ကြည့်ခြင်းခံရသော ကစားသမားဖြစ်လာခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ဘာစီလိုနာသို့ ပြောင်းရွှေ့ကြေး ပေါင် ၁၄၂သန်းဖြင့် ပြောင်းရွှေ့ခဲ့သည်။ သို့သော်လည်း ကော်တင်ဟိုသည် နူးကမ့်၌ အစီအစဉ်အတိုင်းဖြစ်မလာဘဲ ခြေစွမ်းပြသရန် ရုန်းကန်ခဲ့ရသည်။

“ဒီနေရာမှာ  ‘အရင်ကထက်ပိုသန်မာဖို့’က အမှန်ကန်ဆုံးပဲ။ ကြံ့ခိုင်မှုမရှိဘဲ ဒီနေရာမှာ မကစားနိုင်ဘူး။ လီဗာပူး မှာ ကျွန်တော့်ရဲ့လှပတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ရှိတယ်။ အဲ့ဒီမှာ ကျွန်တော်ပျော်ခဲ့ရသလို အခု ဗီလာအတွက် ဇာတ်လမ်းတစ်ပုဒ်ရေးနေပါပြီ။ အင်္ဂလန်မှာ နောက်တစ်ကြိမ် ကောင်းကောင်းကစားနိုင်တဲ့အတွက် ပျော်ပါတယ်။ ဘာလို့လဲဆိုတော့ စပိန်၊ အီတလီ၊ ဂျာမနီမှာလည်း ကစားခဲ့လို့ပါ”

“ဘာကာကစားသမားဘဝအကြောင်းပြောဖို့က တော်တော်ခက်တယ်ဗျ။ မင်းပြောသလို ဒဏ်ရာပြဿနာတွေ ကလည်း အချက်တစ်ခုဖြစ်နိုင်ပါတယ်။ ကျွန်တော် ဘာစီလိုနာမှာ အချိန်အခါကောင်းတွေရှိခဲ့ပါတယ်။ ဒါပေမယ့် စိတ်ကူးနဲ့ လက်တွေ့က ကွဲပြားကောင်းကွဲပြားနိုင်ပါတယ်”“ လေးစားမှု၊ ပရိုဆန်မှုတွေနဲ့အတူ ရှေ့ဆက်ရမယ့် အခိုက်အတန့်အချိန်အခါဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ခြေစွမ်းအပေါ် ယုံကြည်ပေးမှုနဲ့ ကြီးမားတဲ့ သမိုင်းကြောင်းတည်ဆောက်ထားတဲ့ ကလပ်မှာ ရှိခဲ့ရတဲ့အပေါ် ဘာစီလိုနာကို ကျေးဇူးတင်ပါတယ်”ဟု ကော်တင်ဟိုက ဆိုသည်။

လီဗာပူးအသင်းသည် အင်တာမီလန်အသင်းမှ ကော်တင်ဟိုအား မဖော်ပြထားသော ပြောင်းရွှေ့ကြေးဖြင့် ၂၀၁၃ ခုနှစ်တွင် ခေါ်ယူခဲ့ပြီး ကစားသမားသည် ကလပ်အတွက် ၂၀၁ ပွဲ ကစား၊ သွင်းဂိုး ၅၄ ဂိုး၊ ဂိုးဖန်တီးမှု ၄၅ ဖြင့် ကူညီပေးခဲ့သည်။

၂၀၁၈ ခုနှစ်တွင် ဘာစီလိုနာသည် ကော်တင်ဟိုအား စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူခဲ့သော်လည်း ကစားသမားသည် ဒဏ်ရာပြဿနာ၊ ယုံကြည်မှုနှင့် ပုံစံကောင်းပျောက်ဆုံးမှုတို့ဖြင့် ရင်ဆိုင်ခဲ့ရပြီး နူးကမ့်ကလပ် အတွက် ပြိုင်ပွဲစုံ ၁၀၆ ပွဲ ကစား၊ ၂၅ ဂိုးသွင်း၊ ဂိုးဖန်တီးမှူ ၁၄ ကြိမ်သာ စွမ်းဆောင်ပေးခဲ့သည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာတော့ အသင်းဖော်ဟောင်း ဂျရတ်ကိုင်တွယ်နေသော ဗီလာအသင်းက လက်ကျန် ဘောလုံးရာသီအတွက် ကော်တင်ဟိုကို အငှားဖြင့်ခေါ်ယူခဲ့ပြီးနောက် ပရီးမီးယားလိဂ်တွင် ဘရာဇီးလ်ကြယ်ပွင့် သည် ခြေစွမ်းကောင်းများဖြင့် ပြန်လည်တောက်ပနေသည်။

#လီဗာပူး #ဘာစီလိုနာ #အက်စတွန်ဗီလာ #ကော်တင်ဟို