အဖျားဝေဒနာကြောင့် ဆွစ်ဇာလန်နှင့် ခြေစမ်းပွဲ လွဲချော်တော့မည့် အင်္ဂလန်ကစားသမား ဆာကာ
11:42 AM, 24 March
အင်္ဂလန်ကွင်းလယ်လူ ဆာကာသည် ထူးဆန်းသည့် အဖျားရောဂါခံစားနေရသောကြောင့် လာမည့် စနေနေ့၊ ဝင်ဘာလေကွင်း၌ ကစားမယ့် အင်္ဂလန်အသင်းနှင့် ဆွစ်ဇာလန်အသင်းတို့၏ ချစ်ကြည်ရေးခြေစမ်းပွဲအား လွဲချော် မည်ဖြစ်ကြောင်း သတင်းရရှိသည်။
သို့သော်လည်း အသက် ၂၀ နှစ်အရွယ် အာဆင်နယ်ကြယ်ပွင့်ကစားသမားသည် လာမည့် ဗုဒ္ဓဟူးနေ့တွင် ကစားမည့် အိုင်ဗရီကို့စ်နှင့်ပွဲစဉ်ကိုမူ ကစားနိုင်ရန် မျှော်လင့်နေကြောင်း သိရသည်။ ဆာကာသည် အင်္ဂလန်အသင်း၏ လေ့ကျင့်ရေးကွင်းရောက်ရှိချိန် ကိုဗစ်စစ်ဆေးမှုပြုလုပ်ရာ ရောဂါပိုးမတွေ့ရှိခဲ့ သော်လည်း ယမန်နေ့ကအထိ လေ့ကျင့်ခန်းမဆင်းနိုင်ဘဲ ဟိုတယ်၌ ကိုဗစ်ဒုတိယအကြိမ်စစ်ဆေးမှုအဖြေကို စောင့်ဆိုင်းနေရသည်။
အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်သည် ဆွစ်ဇာလန်အသင်းနှင့် ပွဲစဉ်တွင် ဂိုးသမားနေရာအတွက် အာရွန်ရမ်းဒေးအစား ရွေးချယ်ခဲ့သော ဝက်ဘရွှန်းဂိုးသမား ဆမ်ဂျွန်စတုန်းကိုလည်း ဖယ်ထုတ်ခဲ့ရပြီးနောက် စိန့်ဂိုးသမား ဖရေဆာဖော်စတာကို လက်ရွေးစင်အသင်းသို့ ခေါ်ယူခဲ့သည်။ ၂၀၁၆ မေလနောက်ပိုင်း လက်ရွေးစင်အဆင့်တွင် မပါဝင်နိုင်ခဲ့သော ဖော်စတာသည် ယခုရာသီ ဆောက်သမ်တန်အသင်းအတွက် ပုံစံကောင်းများ ပြသနေသူဖြစ်သည်။
ရီစီဂျိမ်းစ်၊ ရမ်ဒေးလ်နှင့် အာနိုးတို့သည် ယခုနိုင်ငံတကာပွဲစဉ်ရက်သတ္တပတ်တွင် နိုင်ငံ့အသင်းထံ လာရောက်ပူးပေါင်းနိုင်ခြင်းမရှိပေ။ အလားတူ ရိုးမားအသင်း၏ စံချိန်တင်ဂိုးသွင်းရှင် တမ်မီအေဗရာဟမ်မှာလည်း လက်ရွေးစင်အသင်း လေ့ကျင့်ကွင်းသို့ ပူးပေါင်းနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။ ၎င်းတို့နေရာတွင် ခရစ္စတယ်ပဲလေ့စ်ကစားသမား မစ်ချဲလ်၊ ဆောက်သမ်တန်နောက်ခံလူ ဝေါ်တာပီတာ့စ်နှင့် ဗီလာတိုက်စစ်သမား ဝက်စ်ကင်တို့ကို အစားထိုးခဲ့ပြီး ဆောက်ဂိတ်က တောက်ပခွင့်ပေးခဲ့သည်။
ဒါ့အပြင် ခရစ္စတယ်ပဲလေ့စ်ဗဟိုခံစစ်ကစားသမား ဂူဟီသည်လည်း အင်္ဂလန်လက်ရွေးစင်အသင်း၏ ဆင့်ခေါ်မှု ကို ပထမဆုံးအကြိမ်ရရှိခဲ့သည်။ လာမည့် နိုင်ငံတကာရက်သတ္တပတ်တွင် လန်ဒန်တောင်ပိုင်းအခြေစိုက်ကလပ်ဖြစ်သော ပဲလေ့စ်မှ ကစားသမား ၃ ဦး အထိ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ရွေးချယ်မှုရှိခဲ့သည်။