ရှေ့သို့
Image

အေဘရာဟမ်ရဲ့ ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၁၀၀ သတ်မှတ်ဖွယ်ရှိတဲ့ ရိုးမား

10:20 AM, 24 March

ရိုးမားအသင်းဟာ လက်ရှိအသင်းရဲ့ တိုက်စစ်မှာ ခြေစွမ်းပြနေတဲ့ တမ်မီအေဘရာဟမ်ကို ပရီးမီးယားလိဂ်ကလပ်တွေက စိတ်ဝင်စားလာတာကြောင့် ဒီနွေရာသီမှာ ကစားသမားကို ဆက်ထိန်းနိုင်ဖို့ ကြိုးစားနေရပါတယ်။ အခုလိုအသင်းရဲ့ အဓိကတိုက်စစ်မှူးကို အင်္ဂလန်ကလပ်တွေက စိတ်ဝင်စားလာတာကြောင့်လည်း ရိုးမားဟာ အေဘရာဟမ်ရဲ့ တန်ဖိုးကို ပေါင်သန်း ၁၀၀ ခန့်သတ်မှတ်သွားဖွယ် ရှိနေပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နွေရာသီက ငယ်ဘဝကလပ် ချဲလ်ဆီးကနေ ထွက်ခွာလာခဲ့ပြီးနောက် အီတလီမှာ အထူးခြေစွမ်းပြ ကစားလျက်ရှိပါတယ်။ စတမ်းဖို့ဒ်ဘရစ်ဂျ်ကနေ ပေါင် ၃၄ သန်းနဲ့ နည်းပြဂျိုဆေးမော်ရင်ဟိုရဲ့ ရိုးမားကိုရောက်ရှိလာခဲ့ပြီးနောက် ၃၇ ပွဲ ပွဲထွက်ကစားထားပြီး သွင်းဂိုး ၂၃ ဂိုးသွင်းယူထားပါတယ်။

အေဘရာဟမ်ရဲ့ လက်ရှိအီတလီက ခြေစွမ်းဟာ ပရီးမီးယားလိဂ်ကလပ်တွေကို ဆွဲဆောင်နိုင်ခဲ့ပြီး ကစားသမားကို လာမယ့်ရာသီမှာ ဇာတိမြေကို ပြန်ခေါ်ဖို့ကြိုးစားကြဖို့ရှိနေပါတယ်။ ချဲလ်ဆီးကလည်း အေဘရာဟမ်ရဲ့ စာချုပ်မှာ ပြန်လည်ဝယ်ယူခွင့် ထည့်သွင်းထားတာကြောင့် လာမယ့်နှစ်မှာ ပေါင် ၆၇ သန်းလောက်နဲ့ စာချုပ်ဖျက်ပြီး ခေါ်ယူနိုင်ပါတယ်။ ဒါပေမယ့် အေဘရာဟမ်ကို ချဲလ်ဆီးရဲ့ပြည်တွင်း ပြိုင်ဘက်တွေကလည်း ရာသီကုန်မှာ ခေါ်ယူဖို့ ကြိုးစားဖွယ် ရှိပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဒီနွေရာသီမှာ အထောင်တိုက်စစ်မှူးတစ်ဦး ရှာဖွေနေပါတယ်။ မန်ချက်စတာစီးတီးကလည်း ဒေါ့မွန်တိုက်စစ်မှူး အာလင်းဟာလန်းကို စိတ်ဝင်စားနေပေမယ့် အရန်ပစ်မှတ်တွေကိုလည်း ရှာဖွေလျက်ရှိပါတယ်။ ဥရောပလိဂ်ကြီးတွေက အသင်းတစ်ချို့ဟာလည်း အေဘရာဟမ်ကို စောင့်ကြည့်လျက်ရှိပါတယ်။

ရိုမားအနေနဲ့ ၂၀၂၆ ထိစာချုပ်သက်တမ်းရှိနေတဲ့ ၂၄ နှစ်အရွယ် တိုက်စစ်မှူးကို တော်ရုံအသင်းခေါ်ယူဖို့ မဖြစ်နိုင်တဲ့ ပြောင်းရွှေ့ကြေးတစ်ခုဖြစ်တဲ့ ပေါင်သန်း ၁၀၀ ထိ သတ်မှတ်ဖို့ကြိုးစားနေပါတယ်။ ဒါပေမယ့် ဒီပြောင်းရွှေ့ကြေးကို ပေးနိုင်တဲ့ အသင်းမျိုးရှိလာခဲ့မယ်ဆိုရင်တော့ ပြီးခဲ့တဲ့အောက်တိုဘာက ဆုံးရှုံးခဲ့တဲ့ အသင်းဘက်ဂျက် ပေါင် ၁၅၄ သန်းကို ပြန်လည်ဖြည့်ဆည်း နိုင်ဖွယ်ရှိပါတယ်။ ဒါမှမဟုတ်လည်း အသင်းရဲ့ဘဏ္ဍာရေးအခြေအနေအပေါ် မူတည်ပြီးလာမယ့်နှစ်ထဲမှာ ချဲလ်ဆီးကိုပဲ ပြန်လည်ရောင်းချပြီး ဝင်ငွေရှာဖွေနိုင်ပါတယ်။

#ရိုးမား #အပြောင်းအရွှေ့ #အေဘရာဟမ်