ရှေ့သို့
Image

ယူရို-၂၀၂၈ ပြိုင်ပွဲအား ဗြိတိန်နှင့် အိုင်ယာလန်တို့ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

2:13 PM, 22 March

ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)က ကြီးမှူးကျင်းပသည့် ယူရို-၂၀၂၈ ဥရောပချန်ပီယံရှစ်ဘောလုံး ပြိုင်ပွဲအား ဗြိတိန်နိုင်ငံနှင့် အိုင်ယာလန်နိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

ယခုရက်သတ္တပတ် ဗုဒ္ဓဟူးနေ့အစောပိုင်း နောက်ဆုံးထားလျှောက်လွှာလက်ခံချိန်အထိ အိမ်ရှင်အဖြစ်လက်ခံ ကျင်းပရန်လျှောက်ထားသော အဆိုပြုနိုင်ငံမရှိသည့်အတွက် ဗြိတိန်ကျွန်းစု၏ ပူးတွဲအဆိုပြုလျှောက်လွှာအား လက်ခံလိုက်ခြင်းဖြစ်သည်။ ပွဲစဉ်များကို အင်္ဂလန်၊ မြောက်အိုင်ယာလန်၊ အိုင်ယာလန်၊ ဝေးလ်နှင့် စကော့တလန်နိုင်ငံတို့တွင် ကျင်းပမည်ဖြစ်ပြီး ယခုနှစ်ကုန်နောက်ဆုံးထား၍ ပြိုင်ပွဲလက်ခံကျင်းပမည့် သက်ဆိုင်ရာနိုင်ငံအစိုးရများက UEFA ထံ ပြန်လည်အကြောင်းကြားရမည်ဖြစ်ကြောင်း သိရသည်။

ဗြိတိန်နှင့် အိုင်ယာလန်နိုင်ငံတို့က အိမ်ရှင်အဖြစ်လက်ခံကျင်းနိုင်ခြင်းမရှိခဲ့ပါက ယူအီးအက်ဖ်အေအနေဖြင့် အိမ်ရှင်လျှောက်လွှာလက်ခံခြင်းကို ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်သော်လည်း ယခုကာလထိ လက်ခံကျင်းပ၍မရလောက်သော ထူးခြားဖြစ်စဉ်များ မရှိသေးချေ။ အစောပိုင်းတွင် ရုရှားနိုင်ငံလည်း နွေရာသီဘောလုံးပွဲတော်အတွက် အိမ်ရှင်အဖြစ်လျှောက်ထားရန် စီစဉ်ခဲ့သော်လည်း ယူကရိန်းကျူးကျော်စစ်ဆင်နွှဲမိခြင်းနှင့်အတူ အိမ်ရှင်အိမ်မက်ကို စွန့်လွှတ်ခဲ့ရသည်။

အလားတူ တူရကီနိုင်ငံကလည်း ယူအီးအက်ဖ်အေအား ယူရို-၂၀၂၈ (သို့မဟုတ်) ယူရို-၂၀၃၂ ပြိုင်ပွဲအတွက် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံပေးရန် တိုက်တွန်းခဲ့သော်လည်း ယူရို-၂၀၂၈ ပြိုင်ပွဲအိမ်ရှင်အဖြစ် ဗြိတိန်ကျွန်းစုနိုင်ငံများကိုသာ သတ်မှတ်ပေးခဲ့သည်။

ယူအီးအက်ဖ်အေ၏ အိမ်ရှင်နိုင်ငံစည်းမျဉ်းများအရ ငါးနိုင်ငံပူးပေါင်းအိမ်ရှင်ကျင်းပပါက မည်သည့်နိုင်ငံမှ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်မည်မဟုတ်ဘဲ ဂျာမနီနိုင်ငံတွင် ကျင်းပမည့် ယူရို-၂၀၂၄ မှစတင်ကာ ပြိုင်ပွဲအသင်းအရေအတွက်ကို ၂၄ သင်းမှ ၃၂ သင်းအထိ တိုးမြှင့်ပေးထားကြောင်း သိရသည်။

သက်ဆိုင်ရာအိမ်ရှင်နိုင်ငံအစိုးရများအနေဖြင့်လည်း လုံခြုံရေး၊ ဈေးကွက်မြှင့်တင်ရေး၊ အခွန်နှင့် ဗီဇာလျှောက်ထားမှုအပါအဝင် အခြားကိစ္စရပ်များတွင်ပါ အာမခံချက်ပေးနိုင်ရန်လိုအပ်ကြောင်း သိရသည်။ အီတလီနိုင်ငံအနေဖြင့်လည်း ယူရို-၂၀၃၂ ပြိုင်ပွဲအိမ်ရှင်နိုင်ငံအဖြစ် လက်ခံပေးနိုင်ရန် မျှော်လင့်နေကြောင်း သိရသည်။

ယူရို-၂၀၂၈ အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရရှိခဲ့သော ဗြိတိန်နှင့် အိုင်ယာလန်နိုင်ငံတို့သည် ၂၀၃၀ ကမ္ဘာ့ဖလားအိမ်ရှင်အိမ်မက်ကိုမူ စွန့်လွှတ်ရဖို့များနေကြောင်း သိရသည်။

#အိုင်ယာလန် #ယူအီးအက်ဖ်အေ #ဗြိတိန်