ရှေ့သို့
Image

လီဗာပူးကနေ ထွက်ခွာဖို့ လစာလျှော့ယူဖို့ အဆင်သင့်ဖြစ်နေတဲ့ အိုရီဂီ

1:42 PM, 22 March

လီဗာပူးတိုက်စစ်မှူး ဒီဗော့ခ်အိုရီဂီကတော့ ရာသီကုန်မှာ အန်ဖီးလ်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေပြီး ဒီနွေရာသီမှာ အေစီမီလန်အသင်းကို လစာလျှော့ယူပြီး ပူးပေါင်းသွားဖွယ် ရှိနေပါတယ်။ ဘယ်လ်ဂျီယံ လက်ရွေးစင်ဟာ လီဗာပူးနဲ့ ဇွန်လမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး လက်ရှိစီးရီးအေ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အေစီမီလန်ကို ပြောင်းရွှေ့မယ်ဆိုရင်တော့ လက်ရှိရနေတဲ့ လစာထက် သေချာပေါက် လျှော့ယူရမှာလည်း ဖြစ်ပါတယ်။

၂၆ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း လီဗာပူးရဲ့ အကောင်းဆုံး အဖြည့်ခံကစားသမား ဖြစ်ခဲ့ပြီး လီဗာပူးရဲ့ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် အောင်မြင်မှုတွေအတွက် အရေးပါတဲ့ သွင်းဂိုးတွေကို သွင်းယူပေးခဲ့ပြီး မာဆေးဆိုက်ကလပ်ရဲ့ သူရဲကောင်းတစ်ဦးအဖြစ်လည်း ပရိသတ်ချစ်ခင်မှုကို ရရှိထားသူဖြစ်ပါတယ်။

ဒါပေမယ့်လည်း လီဗာပူးမှာ နေရာရဖို့ခဲယဉ်းနေတာကြောင့် ဒီရာသီကုန်မှာ အသင်းကနေ ထွက်ခွာဖို့ အဆင်သင့်ဖြစ်နေပါတယ်။ လက်ရှိမှာတော့ လိုင်လီကြယ်ပွင့်ဟောင်းကို ခေါ်ယူဖို့ အေစီမီလန်က ရေပန်းအစားဆုံးဖြစ်နေပြီး အိုလီဗာဂီရော့ဒ်နဲ့ ဇလာတန်အီဘရာဟီမိုဗစ်တို့လိုပဲ အိုရီဂီကို အသုံးချဖို့ စီစဉ်နေပါတယ်။

အိုရီဂီကို ပရိသတ်တွေတင်မကပဲ လီဗာပူးနည်းပြကြီး ဂျာဂန်ကလော့ပ်ကလည်း သဘောကျပါတယ်။ ဒါပေမယ့် ကစားသမားရဲ့ ထွက်ခွာမှုကိုတော့ တားဆီးဖို့ခက်နေပြီး မီလန်အတွက်တော့ ဥရောပထိပ်သီးအသင်းတစ်သင်းမှာ တန်းအထိုင်ကျနိုင်တဲ့ ကစားသမားတစ်ယောက်ကို အလွတ်နဲ့ရရှိတော့မှာလည်း ဖြစ်ပါတယ်။

မီလန်ဟာ လာမယ့်နှစ်ချန်ပီယံလိဂ် ဝင်ခွင့်ရရှိဖို့သေချာနေတာကြောင့် အိုရီဂီရဲ့ ဂိုးကံကောင်းမှုတွေနဲ့အတူ ဥရောပနဲ့ စီးရီးအေမှာ တစ်ဖန်ပြန်တောက်ပဖို့ အခွင့်အရေးလည်း ဖြစ်ပါတယ်။

#လီဗာပူး #အိုရီဂီ