ရှေ့သို့
Image

အက်ဖ်အေဖလား ဆီမီးပွဲတွင် ချဲလ်ဆီးပရိတ်သတ်များ ကွင်းတွင်းဝင်ရောက်ကြည့်ရှုနိုင်ရေးအပေါ် တာဝန်ရှိသူများ ဆွေးနွေး

1:34 PM, 22 March

ခရစ္စတယ်ပဲလေ့စ်နှင့် ကစားမည့် အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲစဉ်တွင် ချဲလ်ဆီးပရိတ်သတ်များ ကွင်းတွင်း ဝင်ရောက်ကြည့်ရှုနိုင်ရေးအတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)နှင့် ဗြိတိန်အစိုးရတာဝန်ရှိသူများ ဆွေးနွေးနေကြောင်း သတင်းရရှိသည်။ ချဲလ်ဆီးအသင်းပိုင်ရှင် ရိုမန်အေဗရာမိုဗစ်ချ်အပေါ် ဗြိတိန်အစိုးရကလချမှတ်ထားသည့် အရေးယူမှုများအရ လန်ဒန်အခြေစိုက်ကလပ်သည် ပွဲနေ့အတွင်း လက်မှတ်ရောင်းချမှုတားမြစ်ခံထားရသည်။

ပြီးခဲ့သည့်စနေညပိုင်း မစ်ဒယ်ဘရော့အသင်းကို အနိုင်ရရှိခဲ့သော အက်ဖ်အေဖလားကွာတားပွဲစဉ်တွင် ချဲလ်ဆီးအသင်းသည် လက်မှတ်ခွဲတမ်း ၄၅၀၀ ရရှိသော်လည်း ကွင်းအတွင်း အသင်းပရိတ်သတ် ၆၀၀ ဦးခန့်သာ ဝင်ရောက်ကြည့်ရှုနိုင်ခဲ့သည်။ ဒါကြောင့် ပရိတ်သတ် ၉၀,၀၀၀ ကျော်ဆန့်သော ဝင်ဘာလေကွင်းကြီးတွင် ဧပြီလလယ်မှာ ကစားမည့် ချဲလ်ဆီး နှင့် ခရစ္စတယ်ပဲလေ့စ်ပွဲစဉ်တွင် ကွင်းအတွင်း ပရိတ်သတ်ထက်ဝက်ခန့်သာ ဝင်ရောက်နိုင်မည့်အပေါ် စိုးရိမ်မှု များ ရှိလာကြသည်။

သို့သော် မနေ့ညကထုတ်ပြန်တဲ့ အက်ဖ်အေကြေညာချက်မှာတော့ “ဝင်ဘာလေကွင်းကြီးတွင် ယှဉ်ပြိုင်ကြမယ့် အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲတွေမှာ ပရိတ်သတ်တွေ ကွင်းလုံးပြည့်အားပေးနိုင်ကြဖို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်။ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဖြစ် ခရစ္စတယ်ပဲလေ့စ်နဲ့ ယှဉ်ပြိုင်မယ့် ချဲလ်ဆီးအသင်းပရိတ် သတ်တွေလည်း အပါအဝင်ဖြစ်ပါတယ်။ ဒါကြောင့် အရေးယူမှုတွေကို လေးစားမှုရှိရှိနဲ့ ချဲလ်ဆီးအသင်း ပရိသတ်တွေလည်း အဆင်ပြေနိုင်သွားစေမယ့် နည်းလမ်းတစ်ခုရရှိအောင် အစိုးရနဲ့ အက်ဖ်အေတို့ ဆွေးနွေးနေပါတယ်”ဟု ရေးသားထားသည်။

အစောပိုင်းကလည်း ဗြိတိန်ပါလီမန်၊ ဒီဂျစ်တယ်၊ယဉ်ကျေးမှု၊မီဒီယာနှင့် အားကစားကော်မတီဥက္ကဋ္ဌ လွှတ်တော် အမတ် Julian Knight ကလည်း ယခုအခြေအနေအပေါ် ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး ပွဲလက်မှတ်ရောင်းချရ ငွေများသည် ရုရှား၏ ကျူးကျော်မှုကြောင့် နစ်နာမှုများခံစားနေရသည့် ယူကရိန်းပြည်သူများအတွက်သာ ဖြစ် သင့်ကြောင်း ပြောသည်။

“ချဲဆီးလ်နဲ့ ခရစ္စတယ်ပဲလေ့တို့ရဲ့ အက်ဖ်အေဆီမီးပွဲစဉ်မှာ ပရိတ်သတ်ကွင်းတစ်ဝက်ပဲရှိမည့်အလားအလာကို ရင်ဆိုင်နေရတဲ့အဖြစ်က လုံးဝကို ရယ်စရာပဲ။ ချဲလ်ဆီးအသင်းဟာ သူ့ပိုင်ရှင်ထက် ပိုခံစားနေရတယ်။ ဒီအသင်းဟာ သူ့ရဲ့ပရိတ်သတ်တွေနဲ့ သူ့အသိုင်းအဝိုင်းအတွက် ကြီးမားတဲ့အရေးပါမှုတွေရှိနေတဲ့ သက်ရှိအစိတ်အပိုင်း တစ်ခုပဲ။ အက်ဖ်အေဟာ ချဲလ်ဆီးပရိတ်သတ်တွေကို ပွဲလက်မှတ်ရောင်းကို ရောင်းပေးရမယ်။ ဒီလိုပဲ လက်မှတ်ရောင်းချရငွေကလည်း ယူကရိန်းပြည်သူတွေအတွက်ပဲ ဖြစ်ရမယ်”ဟု Julian Knight က ပြောသည်။

#ချဲလ်ဆီး #ခရစ္စတယ်ပဲလေ့စ် #အက်ဖ်အေဖလား