ရှေ့သို့
Image

ပီအက်စ်ဗွီ နည်းပြသစ်ဖြစ်လာဖို့ ရေပန်းအစားဆုံးဖြစ်နေတဲ့ ယူနိုက်တက်ကြယ်ပွင့်ဟောင်း နစ္စတယ်ရွိုင်း

9:17 AM, 22 March

မန်ချက်စတာယူနိုက်တက် ဂန္တဝင်ရုဒ်ဗန်နစ္စတယ်ရွိုင်းကတော့ ပီအက်စ်ဗွီအသင်းရဲ့ နည်းပြသစ်ဖြစ်လာဖို့ ရေပန်းအစားဆုံး ဖြစ်လာပါတယ်။ ၄၅ နှစ်အရွယ် ကစားသမားဟောင်းကြီးဟာ ပီအက်စ်ဗွီရဲ့ အရန်အသင်းနည်းပြအဖြစ် တာဝန်ယူထားပြီး ပြီးခဲ့တဲ့နွေရာသီကထိ ယူ ၁၈ အသင်းကို တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

ဗန်နစ္စတယ်ရွိုင်းဟာ နယ်သာလန်လက်ရွေးစင်အသင်းရဲ့ လက်ထောက်နည်းပြတစ်ယောက်အဖြစ်လည်း ပါဝင်နေပေမယ့် စီနီယာအသင်းတစ်သင်းကိုတော့ တစ်ခါမှ မကိုင်ခဲ့ဖူးပါဘူး။ သို့သော်လည်း ပီအက်စ်ဗွီအသင်းကတော့ ထွက်ခွာသွားပြီဖြစ်တဲ့ ပီအက်စ်ဗွီ ပထမအသင်းနည်းပြ ရော်ဂျာရှမစ်ရဲ့ နေရာမှာ နစ္စတယ်ရွိုင်းနဲ့ အစားထိုးဖို့ စိတ်ဝင်စားလျက်ရှိပါတယ်။

ရှမစ်ဟာအသင်းနဲ့ စာချုပ်သက်တမ်း တိုးဖို့အဆင်မပြေတော့တာကြောင့် ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ကြောင်းအတည်ပြုပြီးဖြစ်ပါတယ်။ ပီအက်စ်ဗွီဟာ လက်ရှိနယ်သာလန်ထိပ်တန်းလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးကအေဂျက်စ်နဲ့ ၂ မှတ်သာ ကွာပါတယ်။ ဗန်နစ္စတယ်ရွိုင်းကို နွေရာသီကမှ အဲဗာတန်အားကစားဒါရိုက်တာအဖြစ်ကနေ ပီအက်စ်ဗွီရဲ့ အသင်းရဲ့ အမှုဆောင်ချုပ်ဖြစ်လာတဲ့ မာဆယ်ဘရန့်ဒ်ကလည်း ထောက်ခံခဲ့တယ်လို့ သိရပါတယ်။

တိုက်စစ်မှူးဟောင်းကတော့ သူ့ကိုယ်သူရှမစ်ရဲ့ ဆက်ခံသူဖြစ်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ဒီလအစောပိုင်းတုန်းက ပြောခဲ့ဖူးပါတယ်။ နစ္စတယ်ရွိုင်းက“အခု ဒီကိစ္စကိုရှင်းနိုင်ပါတယ်။ ကျွန်တော် ပီအက်စ်ဗွီပထမအသင်းကို တာဝန်ယူမှာမဟုတ်ပါဘူး။ ဒီတာဝန်အတွက် ကျွန်တော် အဆင်သင့်မဖြစ်သေးဘူးလို့ထင်တယ်။ ကျွန်တော်တို့ အရင်ကသဘောတူထားတဲ့ လမ်းကြောင်းအတိုင်းပဲ ဆက်သွားသင့်ပါတယ်။ ရည်ရွယ်ချက်တွေ၊ ပန်းတိုင်တွေတော့ ရှိပေမယ့် အခုချိန်ကတော့ စောလွန်းနေပါတယ်”လို့ ပြောခဲ့ပါတယ်။

အခြားသတင်းတွေအရတော့ နစ္စတယ်ရွိုင်းဟာ အတွေ့အကြုံရင့် နည်းပြတစ်ဦးဦးရဲ့ လက်ထောက်အဖြစ်သာ ဆက်လုပ်သွားမှာဖြစ်ပြီး ပထမအသင်းနည်းပြရာထူးကိုတော့  နောက်ပိုင်းမှသာ လက်ခံနိုင်တယ်လို့ သိရပါတယ်။ ဗန်နစ္စတယ်ရွိုင်းအပြင် နောက်ထပ်ရေပန်းအစားဆုံး နည်းပြတစ်ဦးကတော့ ဖရက်ဒ်ရူတန်ပဲ ဖြစ်ပါတယ်။ ၅၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နည်းပြကြီးဟာ ပီအက်စ်ဗွီကို ၂၀၀၉ ကနေ ၂၀၁၂ ထိ တာဝန်ယူခဲ့ဖူးပြီး လက်ထောက်နည်းပြအနေနဲ့ပဲ ပီအက်စ်ဗွီကို စကိုင်ခဲ့တာဖြစ်ပါတယ်။ ရူတန်နောက်ဆုံးကိုင်ခဲ့တဲ့အသင်းကတော့ ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ချ်ဖြစ်ပြီး ၂၀၁၉ ဧပြီမှာ လမ်းခွဲခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ပီအက်စ်ဗွီ #နစ္စတယ်ရွိုင်း