ရှေ့သို့
Image

ကိန်း တော့တင်ဟမ်နဲ့ ဖလားရဖို့ထက် ယူနိုက်တက်ရောက်ဖို့က ပိုသေချာတယ်လို့ လက်စ်ကော့ ခန့်မှန်း

12:31 PM, 21 March

တော့တင်ဟမ်တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ကစားသမားဘဝတစ်လျှောက် တစ်ဦးချင်းဆုတွေများစွာ ရရှိခဲ့ပေမယ့် အသင်းနဲ့တော့ ဆုဖလားတစ်လုံးတောင် မရဖူးသေးပါဘူး။ လာမယ့် ဇူလိုင်လဆိုရင် အသက် ၂၉ နှစ်ပြည့်ပြီဖြစ်ပြီး ကိန်းအတွက်တော့ ပိုကြီးတဲ့ အသင်းတစ်သင်းကို ပြောင်းရွှေ့ဖို့အချိန်တန်နေပါပြီ။

ပြီးခဲ့တဲ့တစ်ပတ်ကတော့ မန်ချက်စတာယူနိုက်တက်ဟာ နွေရာသီအပြောင်းအရွှေ့မှာ အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူးကို ခေါ်ယူဖို့ စီစဉ်နေကြောင်း Mirror သတင်းစာက ဖော်ပြသွားပါတယ်။ အဲ့ဒါကြောင့် မန်စီးတီးခံစစ်မှူးဟောင်း ဂျူလီယွန်လက်စ်ကော့က တစ်ပတ်ပေါင် ၂၀၀၀၀၀ ရရှိနေတဲ့ တိုက်စစ်မှူးဟာ တော့တင်ဟမ်နဲ့ ဆုဖလားတွေ ရယူဖို့ထက် မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ကသာ ပိုပြီးဖြစ်နိုင်ခြေရှိတယ်လို့ ရေးခဲ့ပါတယ်။

လက်စ်ကော့က LiveScore မှာရေးသားခဲ့တဲ့ သူ့ရဲ့ဆောင်းပါးမှာ “မန်ချက်စတာယူနိုက်တက်က ကိန်းကို နွေရာသီခေါ်ယူနိုင်စွမ်းရှိတဲ့ အသင်းတစ်သင်းပါ။ သူကိုယ်တိုင်လည်း အသင်းပြောင်းရွှေ့ဖို့ ဆန္ဒရှိနေမယ်လို့ ထင်ပါတယ်။ လက်ရှိတော့တင်ဟမ်အသင်းရဲ့ အခြေအနေတွေထက်စာရင် ယူနိုက်တက်ကမှ ဆုဖလားတွေ ရယူဖို့ ပိုပြီးနီးစပ်ပါတယ်။ ပရီးမီးယားလိဂ်တင်မကဘူး ရှုံးထွက်ပြိုင်ပွဲတွေရောပေါ့။ အနည်းဆုံးတော့ ယူနိုက်တက်က အက်ဖ်အေဖလားတို့၊ ကာရာဘောင်ဖလားတို့တော့ ယူနိုင်ပါသေးတယ်”လို့ ရေးသားထားပါတယ်။

ဒါပေမယ့် မန်ချက်စတာယူနိုက်တက် ကိုယ်တိုင်ကလည်း နည်းပြဂျိုဆေးမော်ရင်ဟိုလက်ထက် ၂၀၁၇ တုန်းက ကွန်မြူနတီဒိုင်း၊ ယူရိုပါလိဂ်နဲ့ လိဂ်ဖလားတို့ ရရှိခဲ့တဲ့နောက် ဆုဖလားတစ်လုံးတောင် ရယူနိုင်ခြင်းမရှိတော့ပါဘူး။ ဒါပေမယ့် ယူနိုက်တက်ဟာ နည်းပြကောင်းတစ်ဦး ရောက်ရှိလာမယ်ဆိုရင်တော့ လက်စ်ကော့ပြောသလိုပဲ တော့တင်ဟမ်ထက် ဆုဖလားတွေ ရယူဖို့ပိုပြီးသေချာတဲ့ အသင်းဖြစ်နေပါတယ်။

နောက်တစ်ချက်ကတော့ ကိန်းဟာ အက်ဖ်အေဖလား၊ ကာရာဘောင်ဖလားလောက်ပဲ ကစားရမယ့်အဆင့်ရှိတဲ့ ကစားသမားမျိုးမဟုတ်ပဲ ကမ္ဘာ့အဆင့်မီကစားသမားပီပီ ချန်ပီယံလိဂ်ကစားရမယ့် ကစားသမားမျိုးပါ။ လက်ရှိ မန်ချက်စတာယူနိုက်တက်ရဲ့ အဆင့် ရပ်တည်မှုအရတော့ လာမယ့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့တောင် မသေချာတဲ့ အနေအထား ဖြစ်နေတာကြောင့် ယူနိုက်တက်တို့ ကိန်းကို အမှန်တကယ်ခေါ်ယူနိုင်ပါ့မလား စောင့်ကြည့်ရတော့မှာပါပဲ။

#မန်ချက်စတာယူနိုက်တက် #တော့တင်ဟမ် #ဟယ်ရီကိန်း #လက်စ်ကော့