ရှေ့သို့
Image

အသင်းဟောင်းမန်စီးတီးက ဖလား ၃ လုံးမှာ ၂ လုံးရလိမ့်မယ်လို့ မီကာရစ်ချက် ခန့်မှန်း

10:18 AM, 21 March

မန်ချက်စတာစီးတီးဟာ တနင်္ဂနွေနေ့က FA ဖလားပြိုင်ပွဲမှာ နိုင်ပွဲ ရရှိခဲ့ပြီးနောက် ဖလား ၃ လုံးလမ်းကြောင်းပေါ်မှာ ဆက်လက်ရှိနေတာကြောင့် မန်စီးတီးခံစစ်မှူးဟောင်း တစ်ယောက်ဖြစ်တဲ့ မီကာရစ်ချက်က သူ့ရဲ့အသင်းဟောင်းဟာ ဆုဖလား ၂ လုံးတော့ ရယူနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။

ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ မန်စီးတီးဟာ တနင်္ဂနွေနေ့က ဆောက်သမ်တန်ကို ၄-၁ နဲ့ အနိုင်ရရှိကာ FA ဖလားဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။ နည်းပြပက်ဂွာဒီယိုလာရဲ့အသင်းဟာ ချန်ပီယံလိဂ် နောက်ဆုံး ၈ သင်းအဆင့်ကိုလည်း တက်ရောက်ထားပြီး အက်သလက်တီကိုမက်ဒရစ်နဲ့ ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။

မီကာရစ်ချက်ကတော့ “မန်စီးတီးရဲ့ ဒီနေ့ပွဲမှာ လူစားဝင်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်က အသင်းအတွက် ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုဆိုတာ သက်သေပြနေပါတယ်။ (ပရီးမီးယားလိဂ်၊ အက်ဖ်အေ၊ ချန်ပီယံလိဂ်) သူတို့ဖလားသုံးလုံးလမ်းကြောင်းပေါ်မှာရှိနေပြီး အဲ့ဒီထဲက ၂ လုံးကိုတော့ သေချာပေါက် ရယူနိုင်ပါလိမ့်မယ်။ မန်စီးတီးရဲ့ ဒီရာသီရလဒ်တွေက အံ့မခန်းပါပဲ။ ပြိုင်ဘက်ဆီက ဘောလုံးကို လောဘတကြီးလိုက်လုတယ်၊ ဒုတိယပိုင်းမှာလည်း အကောင်းဆုံး ခြေစွမ်းပြသွားတာနဲ့ တော်တော်လေး အံ့သြဖို့ကောင်းနေပါပြီ”လို့ ပြောခဲ့ပါတယ်။

နယူးကာဆယ်နဲ့ အင်္ဂလန်ဂန္တဝင် အလန်ရှီးယားကလည်း “သူတို့(မန်စီးတီး)က တော်တော်ရက်စက်တယ်၊ ခံစားချက်လည်းမရှိဘူး။ သူတို့နိုင်ဖို့ဆိုရင် လူစားဝင်ကစားသမားတွေကအစ အသည်းအသန် ကစားတယ်။ ဆောက်သမ်တန်တော့ တော်တော်လေး ဒုက္ခရောက်သွားလောက်တယ်၊ သူတို့ဘာသာသူတို့ အမှားတွေ လုပ်မိတဲ့အထိပဲ။ ဘာလို့လဲဆိုတော့ ပထမဂိုး ၂ ဂိုးဆိုရင် ခံစစ်အမှားကနေ ပေးလိုက်ရတာမို့လို့ပဲ”လို့ ပြောခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ဒီပွဲမှာ ဆောက်သမ်တန်ရရှိခဲ့တဲ့ ချေပဂိုးတစ်ဂိုးကိုလည်း နောက်ခံလူ လာပေါ်တီက ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့တာကြောင့် နှစ်သင်းပေါင်း ဂိုး ၅ ဂိုးလုံးကို မန်စီးတီးတစ်သင်းတည်းကသာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် ၁၂ မိနစ်မှာ စတာလင်ရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး လာပေါ်တီရဲ့ og ကြောင့် ပထမပိုင်းမှာ သရေရလဒ်ဖြစ်သွားခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ကီဗင်ဒီဘရိုင်းရဲ့ ပင်နယ်တီဂိုးနဲ့ စတင်ဦးဆောင်နိုင်ခဲ့ပြီး ပွဲချိန် ၇၅ မိနစ်နဲ့ ၇၈ မိနစ်တို့မှာ ဖိုဒန်နဲ့ မာရက်ဇ်တို့က ဂိုးတွေ ဆက်တိုက်သွင်းယူကာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။

#မန်စီးတီး #ဂွါဒီယိုလာ #မီကာရစ်ချက်