ရှေ့သို့
Image

ဂွာဒီယိုလာနှင့် ရင်ဆိုင်ရမည့်အပေါ် ဆီမြွန်နီ၏ သဘောထား ထုတ်ပြောလာ

12:22 PM, 19 March

ယမန်နေ့ ညနေပိုင်းက 2021-2022 ဥရောပချန်ပီယံလိဂ် ကွာတးဖိုင်နယ်မဲခွဲမှုအခမ်းအနားကို ပြုလုပ်ခဲ့ရာ ဆီမြွန်နီဦးဆောင်သည့် အက်သလက်တီကိုမက်ဒရစ်အသင်းသည် ပရီးမီးယားလိဂ် အင်အားကြီးကလပ်ဖြစ်သည့် မန်စီးတီးနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။ အက်သလက်တီကိုမက်ဒရစ်အသင်းသည် မန်ချက်စတာမြို့ခံအသင်းဖြစ်သော ယူနိုက်တက်ကို ရှုံးထွက်အဆင့်တွင်ဖြုတ်ချခဲ့ပြီးနောက် ကွာတားဖိုင်နယ်အဆင့်တွင် နောက်ထပ် မန်ချက်စတာမြို့ခံအသင်းဖြစ်သည့် မန်စီးတီးနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ပတ်ဂွာဒီယိုလာဦးဆောင်မှုနှင့်အတူ မန်စီးတီးသည် အံဖွယ်အောင်မြင်မှုများကိုရယူထားနိုင်ပြီး ၎င်းတို့သည် ဥရောပဘောလုံးလောက၌ စုစည်းမှုကောင်း၍ အထင်ကြီးလောက်စရာ ကောင်းသော အသင်းများအနက် တစ်သင်းအဖြစ် တည်ဆောက်နိုင်ခဲ့သည်။

ယခုနှစ်ချန်ပီယံလိဂ်ချန်ပီယံဆုအတွက်လည်း ရေပန်းအစားဆုံးအသင်းအနည်းငယ်အနက် တစ်သင်းလည်း ဖြစ်သည်။ ဆီမြွန်နီ၏ အသင်းကတော့ ဒါတွေကို အာရုံမထားနိုင်ဘဲ လက်ရှိ အရှိန်ကောင်းရနေတဲ့ လာလီဂါပွဲစဉ်များကိုသာ အာရုံစိုက်ပြီး အဆင့် ၂ နှင့် အဆင့် ၃ နေရာရှိ ဘာစီလိုနာနှင့် ဆီဗီလားတို့ကို ဖိအားပေးသွားရန် စီစဉ်နေသည်။ အက်သလက်တီကိုနှင့် ဆီမြွန်နီတို့သည် ပက်ဂွာဒီယိုလာ၏ အသင်းကို လေးစားမှုရှိသော်လည်း ကြောက်ရွံ့နေမည်မဟုတ်ကြောင်း ပြောသည်။

အက်သလက်တီကိုမက်ဒရစ်အသင်းနည်းပြ ဆီမြွန်နီက "ကျွန်တော်အနေနဲ့ ပတ်ကို လေးစားမှုအပြည့်ရှိသလို စီးတီးမှာလုပ်ပြခဲ့တာတွေကိုလည်း သဘောကျမိပါတယ်။ စီးတီးနဲ့ရင်ဆိုင်ရမည့်ပွဲစဉ်ဟာ ခက်ခဲမှုအပြည့်ရှိသလို ခမ်းနားတဲ့ပွဲစဉ်ဖြစ်လာမှာပါ။ ဒီပွဲစဉ်အတွက် အကဲဖြတ်ဖို့လည်း အချိန်ရောက်လာပါလိမ့်မယ်"ဟု ဗယ်လက်ကာနိုနင့် လာလီဂါပွဲစဉ် အကြိုသတင်းစာရှင်းလင်းပွဲတွင် Marca သတင်းဌာနသို့ ပြောသည်။

"ဒါပေမယ့် အခုကတော့ ဗယ်လက်ကာနိုနဲ့ပွဲစဉ်ကိုပဲ အာရုံစိုက်ထားလို ဒီပွဲအကြောင်းပဲစဉ်းစားနေပါတယ်။ ချန်ပီယံလိဂ်ပွဲစဉ်အကြောင်းကို ကျွန်တော်က ပြောစေချင်တယ်ဆိုတဲ့ဆန္ဒကို နားလည်ပေမယ့် ကျွန်တော်တို့ အသင်းကတော့ ဗယ်လက်ကာနိုနဲ့ပွဲစဉ်ကိုပဲ အလေးထားမိနေပါတယ်"ဟု ဆီမြွန်နီက ဆိုသည်။

#မန်စီးတီး #အက်သလက်တီကို #ဂွါဒီယိုလာ #ဆီမြွန်နီ