ရှေ့သို့
Image

အီဝိုဘီရဲ့ နောက်ဆုံးမိနစ် သွင်းဂိုးအောင်ပွဲခံမှုတွင် လက်ကျိုးခဲ့ဟု လမ်းပတ် ဆို

1:58 PM, 18 March

တိုက်စစ်မှူးအီဝိုဘီ၏ နောက်ဆုံးမိနစ်သွင်းဂိုးအောင်ပွဲခံမှုပြုလုပ်ရာတွင် လက်ကျိုးသွားခဲ့ကြောင်း အဲဗာတန်အသင်း နည်းပြ ဖရန့်လမ်းပတ်က ထုတ်ဖော်ပြောကြားသည်။

ယနေ့နံနက်ပိုင်းက ဂွတ်ဒီဆင်ပါ့တ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် အဲဗာတန်အသင်းနှင့် နယူးကာဆယ်ယူနိုက်တက်အသင်းတို့ ပွဲစဉ်တွင် ပွဲချိန် ၈၃ မိနစ်တွင် အဲဗာတန်ကွင်းလယ်လူ အယ်လန် အနီကတ်ပြထုတ်ပယ်ခံရပြီး ဂိုးမရှိသရေဖြင့် အမှတ်ခွဲဝေယူရန်နီးစပ်ခဲ့သော်လည်း နာကျင်အချိန်ပိုနောက်ဆုံးမိနစ်တွင် အီဝိုဘီ၏ သွင်းဂိုးဖြင့် အိမ်ကွင်းတွင် အဲဗာတန်တို့ ရမှတ်ပြည့်ရယူနိုင်ခဲ့သည်။

“အောင်ပွဲခံချိန်မှာ ကျွန်တော့်လက်ကျိုးသွားပြီလို့ ခံစားခဲ့ရတယ်။ ကျွန်တော့်အရိုးပျော့သွားတဲ့ အဲ့ဒီအခိုက်အတန့်ကိုတော့ မမှတ်မိတော့ပါဘူး။ ဒီညဟာ အံသြစရာအပြည့် ဖြစ်ခဲ့ပြီး ဒီလိုညတွေ အများကြီးလိုအပ်ပါတယ်။ စိတ်ဓါတ်၊ စည်းလုံးညီညွှတ်မှုတို့နဲ့အတူ အဲဗာတန်ကစားသမားတွေဟာ ရုန်းထနိုင်ခဲ့ကြပါတယ်။ ဒီညဟာ စိတ်လှုပ်ရှားမှုကင်းမဲ့တာမျိုးမရှိဘူး။ ဒီနိုင်ပွဲဟာ ဒီကွင်းကြီးအတွက် အဓိပ္ပါယ်အများကြီးရှိတယ်ဆို တာကို ကျွန်တော်တို့ ခံစားမိပါတယ်။ ဒီလိုမျိုးတွေကို အများကြီးလိုချင်မိပါတယ်”

“အသင်းဖန်တွေက အသင်းရဲ့စိတ်ဓါတ်ပြင်းပြမှုကို မြင်ချင်ခဲ့သလို ကျွန်တော်တို့ကလည်း ဒီညမှာ ဒါကို သက်သေပြနိုင်ခဲ့တယ်။ (အယ်လန်ဖြစ်ရပ်) အနီကဒ်လို့တော့ မထင်ဘူး၊ အဝါကဒ်လောက်ပဲ။ သေချာပေါက်အဝါကဒ်ပါပဲ။ ပြင်းထန်တဲ့အဝါကဒ်လောက်ပဲမဟုတ်လား၊ဖြစ်နိုင်ပါတယ်။ မှားယွင်းတဲ့ ဆုံးဖြတ်ချက်နဲ့ ကျွန်တော်တို့ အယ်လန်ကို သုံးပွဲ ဆုံးရှုံးရတော့မှာပါ” ဟု လမ်းပတ်က ပွဲအပြီးမှာ Amazon Prime Sport သို့ ပြောသည်။

အဲဗာတန်အသင်း၏ နိုင်ပွဲသည် အသင်း၏ စိတ်ဓါတ်ပိုင်းကို မြှင့်တင်ပေးနိုင်ရုံမက တန်းဆင်းဇုန်မှ လွတ်မြောက်ရေးမျှော်လင့်ချက်ကိုပါ အသက်သွင်းပေးထားနိုင်ခဲ့သည်။ အဲဗာတန်အသင်းသည် အဆင့် ၁၇ နေရာတွင် ရမှတ် ၂၅ မှတ်ဖြင့် အဆင့် ၁၆ နေရာရှိ လိဒ်အသင်းနှင့် တစ်မှတ်အကွာ၊ ၂ ပွဲကျန်အနေအထားဖြင့် ရပ်တည်နေသည်။ ပွဲကျန် ၂ပွဲအနက် တစ်ပွဲမှာ  တန်းဆင်းဇုန်ပြိုင်ဘက် ဝက်ဖို့ဒ်နှင့် ကစားရမည်ဖြစ်သည်။

ပရီးမီယားလိဂ်တန်းဆင်းဇုန်ရှိ ဘန်လေ အသင်းသည်လည်း လက်ကျန်နှစ်ပွဲ ကစားရန်ကျန်ရှိနေသော်လည်း အဲဗာတန်အသင်းနှင့် ရမှတ် ၄ မှတ်အထိ ကွာဟနေသည်။

#အီဝိုဘီ #အဲဗာတန် #လမ်းပတ်