ရှေ့သို့
Image

ရန်နစ်ကို ယူနိုက်တက်နည်းပြ ဘယ်လိုများဖြစ်လာတာလဲလို့ ပေါလ်စကိုးလ်ဝေဖန်

2:11 PM, 16 March

မန်ချက်စတာယူနိုက်တက် ဂန္တဝင်ကွင်းလယ်လူ ပေါလ်စကိုးလ်ကတော့ ရာသီကုန်ထိ ရာ့ဖ်ရန်နစ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့တဲ့ ယူနိုက်တက်ရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ပါတယ်။ မနေ့ညက ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပြီးနောက်မှာ စကိုးလ်က ဒီနည်းပြ ဒီရာထူးကို ဘယ်လိုများရသွားတာလဲဆိုပြီး မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့နိုဝင်ဘာလကမှ ရန်နစ်ကို နည်းပြအိုလီဂန်နာဆိုးလ်ရှားရဲ့နေရာမှာ အစားထိုးဖို့အတွက် ယာယီနည်းပြအဖြစ်နဲ့ ခေါ်ယူခဲ့ပြီး အိုးလ်ထရက်ဖို့ဒ်မှာ အက်သလက်တီကိုမက်ဒရစ်ကို အရေးနိမ့်ခဲ့ပြီးနောက်မှာတော့ နောက်ထပ်ဆုဖလားလက်မဲ့ရာသီတစ်ခုကို ရင်ဆိုင်ရတော့မှာလည်း ဖြစ်ပါတယ်။ အခုလို ဆိုးရွားရဲ့အခြေအနေတွေ ဖြစ်လာခဲ့ပြီးနောက်မှာတော့ ယူနိုက်တက်ကွင်းလယ်ကစားသမားဟောင်း စကိုးလ်က ရန်နစ်ကိုခန့်အပ်ခဲ့မှုအပေါ် ဒေါသတကြီးဝေဖန်ခဲ့ပြီး နောက်ထပ်နာကျင်စရာတွေ လာဦးမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ 

စကိုးလ်က “ ဒီအသင်းမှာ သူ(ရန်နစ်) ဘယ်လိုလုပ်နည်းပြဖြစ်လာတာလဲ။ ကျွန်တော်တော့ မသိတော့ဘူး။ မှန်ကန်တဲ့နည်းပြတစ်ယောက်ခန့်အပ်ဖို့က ဒီအသင်းအတွက် အကြီးမားဆုံးလိုအပ်ချက်ဖြစ်လာပါပြီ။ လူစာရင်းထဲမှာ တကယ်ကောင်းတဲ့ ကစားသမားတစ်ချို့ရှိနေပါတယ်။ ဒီအသင်းအတွက် အရေးအကြီးဆုံးအချက်က အမှတ်ပေးဖလားကို လက်ရှိအသင်းနဲ့ပဲ တစ်နည်းနည်းနဲ့ ရယူနိုင်မယ့် နည်းပြကောင်းတစ်ဦး လိုအပ်နေတာပါ။ ဒီယေဂိုဆီမြွန်နီကိုင်ရင်တောင်မှ ယူနိုက်တက်က ဒီအဆင့်ကိုကျော်နိုင်မှာပါ။ ကျွန်တော်တို့ရောက်ချင်တဲ့ နေရာကို ပြန်မရောက်မချင်း ပိုဆိုးတဲ့ နာကျင်စရာတွေ အများကြီး လာဦးမှာပါ ” လို့ ဝေဖန်ခဲ့ပါတယ်။ 

ယူနိုက်တက်ဟာ အင်္ဂါညပွဲစဉ်မှာ ရီနန်လိုဒီရဲ့ ခေါင်းတိုက်ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် နှစ်ကျော့ပေါင်း ၂-၁ နဲ့ အက်သလက်တီကိုကိုအရေးနိမ့်ပြီး ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့တာပဲ ဖြစ်ပါတယ်။ ယူနိုက်တက်နောက်ခံလူဟောင်း ရီယိုဖာဒီနန်ကလည်း ယူနိုက်တက်ရဲ့ အဝတ်လဲခန်းဟာ ခေါင်းဆောင်ကင်းမဲ့နေပြီး ဒါကယခုကစားခဲ့တဲ့ နှစ်သင်းကြားက ကွာခြားချက်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ 

ဖာဒီနန်က “ ဒီနေ့ကန်သွားတဲ့ နှစ်သင်းရဲ့ အဓိကကွာခြားချက်က ဘာလဲသိလား။ အက်သလက်တီကိုမှာ နည်းပြကအသင်းသားတွေကို ခိုင်းသမျှကို နာခံပြီး ဦးဆောင်လုပ်မယ့် ခေါင်းဆောင်တစ်ယောက် သူတို့မှာရှိတယ်။ သူတို့က နည်းပြခိုင်းတာကို ကောင်းကောင်းနာခံပြီး အသင်းလိုက် စည်းစည်းလုံးလုံးကစားတယ်။ တစ်ဖက်က မန်ယူနိုက်တက်ကိုကြည့်လိုက်ရင် ဘယ်သူကအံ့သြစရာတွေ လုပ်ပြမလဲဆိုပြီး တစ်ယောက်ကိုတစ်ယေက် ကြည့်နေကြတာ တွေ့ပါလိမ့်မယ် ”  လို့ ပြောခဲ့ပါတယ်။ 

ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ကနေ ထွက်လိုက်ရတာကြောင့် ဒီရာသီကို ဖလားလက်မဲ့ရာသီတစ်ခုအဖြစ် ထပ်မံကျော်ဖြတ်ရတော့မှာပဲ ဖြစ်ပါတယ်။ 


#မန်ချက်စတာယူနိုက်တက် #အက်သလက်တီကို #ဆိုးလ်ရှား #ချန်ပီယံလိဂ် #ပေါလ်စခိုးလ် #ရန်နစ်