ရှေ့သို့
Image

အက်သလက်တီကိုအသင်းရဲ့ အချိန်ဆွဲကစားမှုကို ခွင့်ပြုပေးခဲ့တဲ့ ဒိုင်တွေအပေါ် ရန်းနစ်ဝေဖန်

12:08 PM, 16 March

ယူနိုက်တက်နည်းပြ ရက်ဖ် ရန်းနစ်က ယမန်နေ့ည ချန်ပီယံလိဂ်ရှုံးပွဲမှာ အက်သလက်တီကိုအသင်းကို အချိန်ဆွဲနည်းစနစ် ခွင့်ပြုခဲ့တဲ့ ဒိုင်လူကြီးတွေကို ဝေဖန်ခဲ့ပြီး အမြဲတမ်း တစ်ဦးဦးက ကွင်းထဲလဲနေခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

အလားတူ ရန်းနစ်က ဒီထက် အများကြီး အချိန်ပို ပေးရမယ့် အခြေအနေမှာ နာကျင်အချိန်ပို ၄မိနစ်သာ သတ်မှတ်ပေးခြင်းကိုလည်း ဟာသတစ်ခုအဖြစ်​ ပြောသွားခဲ့ပါတယ်။

အိုးထရက်ဖို့ဒ်မှာ ၁-၀ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက် ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပြီး နောက်ထပ် ဖလားလက်မဲ့ရာသီတစ်ခုနဲ့ ထပ်မံရင်ဆိုင်ခဲ့ရပါတယ်။

ရန်းနစ်က "ဒုတိယပိုင်းက ခက်ခဲခဲ့ပြီး ပွဲက အမြဲတမ်း ရပ်နေခဲ့ပါတယ်။ အမြဲတမ်း တစ်ယောက်ယောက်က ကွင်းထဲ လဲနေခဲ့ပါတယ်။ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်အချို့က သံသယဝင်စရာကောင်းတယ်လို့ ပြောချင်ပါတယ်"

"အဲ့ဒါက အဆုံးအဖြတ် မဟုတ်ပေမဲ့ အနည်းဆုံးတော့ အမြဲတမ်း လဲနေတဲ့ အခြေအနေမှာ အချိန်ပို ၄မိနစ်ပဲ ပေးတာက ကျွန်တော့်အတွက်တော့ ဟာသတစ်ခုပါပဲ"လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်ကဟာ ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရသလို လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်လည်း ရုန်းကန်နေရပါတယ်။

ရန်းနစ်ဟာ ရာသီကုန်မှာ ယူနိုက်တက်နည်းပြအဖြစ် ဆက်ရှိမှာ မဟုတ်ပေမဲ့ အကြံပေးအဖြစ် ဆက်ရှိသွားဖို့ များနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #အက်သလက်တီကို #ချန်ပီယံလိဂ် #ရန်းနစ်