ရှေ့သို့
Image

အာဆင်နယ် အသင်းမှာ လာကာဇက်ရဲ့ အရေးပါမှုကို ပြောကြားလိုက်တဲ့ ဇာခါ

12:53 PM, 15 March

ပြင်သစ်သားတိုက်စစ်မှုး လာကာဇက်ဟာ လက်စတာအသင်းနဲ့ ကစားခဲ့တဲ့ ပွဲမှာ အသင်းအတွက် ဒုတိယဂိုးကို ပင်နယ်တီပြစ်ဒဏ်ဘောမှတစ်ဆင့် သွင်းယူပေးခဲ့ပါတယ်။ အသင်းရဲ့ ကွင်းလယ်ကစားသမား ဇာကာကတော့ လာကာဇက်ဟာ အသင်းအတွက် အများကြီး အရေးပါတဲ့ ကစားသမားတစ်ယောက်ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

ဇာကာကတော့ လာကာဇက်ဟာ အသင်းအတွက် ကွင်းထဲမှာရော ကွင်းပြင်ပမှာပါ အများကြီး အရေးပါတဲ့ ကစားသမားဆိုတာကို လူတော်တော်များများ နားလည်စေချင်နေပါတယ်။ ထို့အတူ လာကာဇက်ရဲ့ အနာဂတ်ဟာလဲ အိမ်းမရိတ်မှာ မသေမချာ ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ လက်စတာနဲ့ ပွဲက သွင်းဂိုးက ခရစ်စမတ်ကာလ Boxing Day နောက်ပိုင်း သူ့ရဲ့ ပထမဆုံးသွင်းဂိုးပဲ ဖြစ်ပါတယ်။ ယခုသွင်းဂိုးဟာ လာကာရဲ့ ဒီရာသီ ၆ ဂိုးမြောက်သွင်းဂိုးလဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဇာကာကတော့ လာကာဇက်ရဲ့ တန်ဖိုးဟာ သွင်းဂိုးအရေအတွက်ထက် အများကြီး ပိုတယ်လို့ ဆိုလိုက်ပါတယ်။

"အဆုံးသတ်မှာ လူတွေက သူ့ကို ဂိုးတွေသွင်းစေချင်ကြပါတယ်။ ဂိုးသွင်းတဲ့ ကစားသမားကိုပဲ လူတွေက မြင်ပါတယ်""တခါတရံ သူက ကျွန်တော်တို့ အသင်းအတွက် ဘယ်လိုပုံစံမျိုးနဲ့ အရေးပါတယ်ဆိုတာ သိပ်နားမလည်ကြပါဘူး။ ကွင်းထဲမှာရော ကွင်းပြင်ပမှာရောပေါ့။ ကွင်းထဲမှာတော့ သူက တကယ်ကောင်းတဲ့ ကစားသမားပါ။ သူ့ရဲ့ အရည်အသွေးနဲ့ ပွဲကို ကောင်းကောင်းနားလည်နိုင်သူပါ""အခုကစပြီး နောက် သုံးပွဲ ၊လေးပွဲ ၊ ငါးပွဲ ၊ ခြောက်ပွဲလောက်မှာ ပရိတ်သတ်‌တွေအနေနဲ့ သူ့ရဲ့ အရေးပါမှုကိုနားလည်လာမယ်လို့ မျှော်လင့်ပါတယ်"လို့ ဇာခါကဆိုပါတယ်။

ရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် လာကာဇက်ရဲ့ရှေ့ရေးဟာ အာဆင်နယ်အသင်းမှာ မသေချာဖြစ်နေပြီး နည်းပြ အာတီတာကတော့ ကစားသမားနဲ့ ရာသီကုန်မှာ ‌ဆွေးနွေးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ ထို့အတူ လာကာဇက်ကို အသင်းဟောင်း လိုင်ယွန်အသင်းကလဲ ပြန်လည်ခေါ်ယူလိုနေတာပါ။

လာကာဟာ နောက်ရာသီ အသင်းမှာ ဆက်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူဟာ နည်းပြ အာဆင်ဝင်းဂါး လက်ထက်ထဲက ချန်ပီယံလိဂ်နဲ့ ဝေးကွာနေခဲ့တဲ့ အာဆင်နယ်အသင်းကို  ယခုရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ သယ်ပိုးပေးနေတဲ့ အရေးပါတဲ့ ကစားသမားဖြစ်ပါတယ်။ သူဟာ အာဆင်နယ်အသင်းနဲ့ နောက်ဆုံး ပွဲစဉ် ၆ ပွဲ ပွဲထွက် ကစားခဲ့ပြီး ၅ ပွဲနိုင် ၁ ပွဲသရေရလဒ်ကို ရရှိထားပါတယ်။ ဒါကြောင့် အာဆင်နယ်အသင်းဟာ အဆင့်လေးမှာ ရပ်တည်ထားနိုင်ပြီး အဆင့်၅ က ယူနိုက်တက် အသင်းထက် ၃ ပွဲလျော့ တစ်မှတ်အသာ နဲ့ ရှိနေတာပါ။ လာမယ့် ကြားရက်မှာတော့ အာဆင်နယ်အသင်းဟာ လီဗာပူးအသင်းနဲ့ ရင်ဆိုင်ကစားရမှာပါ။

"ကျွန်တော်တို့ ငါးပွဲဆက်အနိုင်ရခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့မှာ လီဗာပူးအသင်းနဲ့ ကစားရပါမယ်။ နိုင်ငံတကာပွဲစဉ်တွေ မရပ်နားခင် ဒါက ကျွန်တော်တို့အတွက် အရေးပါတဲ့ပွဲ ဖြစ်တယ်ဆိုတာ သိပါတယ်။ လီဗာပူးနဲ့ ပွဲက ခြေစွမ်းဟာ လက်စတာနဲ့ ပွဲကထက်ပိုကောင်းမလားဆိုတာ ကြည့်ကြတာပေါ့"လို့ ဇာခါကပြောပါတယ်။

လက်စတာကလဲ ခြေစွမ်းကောင်းပိုင်ဆိုင်ထားပြီး သူတို့ရဲ့ နောက်ဆုံး ခြောက်ပွဲမှာ ငါးပွဲ အနိုင်ရထားခဲ့ပါတယ်။ သို့သော်လဲ သူတို့မှာက ကွန်းဖရန်လိဂ်ကစားဖို့ရာ ရှိနေတဲ့အတွက် မန်နေဂျာ ရော်ဂျာအနေနဲ့ လူစာရင်းမှာ ပွဲထုတ်ရတဲ့နေရာမှာ အလှည့်အပြောင်းပြုလုပ်ရတယ်လို့ ဆိုပါတယ်။

"ကစားရတာအရမ်းခက်ခဲတဲ့ ပွဲတစ်ပွဲပါ။ ကစားသမားတွေရဲ့ မာကြောမှုအပိုင်းမှာလဲ ခက်ခဲခဲ့ပါတယ်။ ကျွန်တော်တို့မှာ တစ်ရာသီလုံးအတွက် ကစားသမားတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ လူစာရင်းဟာ ဥရောပထိပ်တန်းလိဂ်တွေမှာရှိတဲ့ အသင်းတွေရဲ့ လူစာရင်းလောက် အရည်အသွေး ရှိချင်မှ ရှိပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော့်ကစားသမားတွေဟာ အစွမ်းကုန်ပေးဆပ်ကစားတယ်ဆိုတာ ကျွန်တော်ပြော‌နိုင်ပါတယ်။ ကျွန်တော်တို့ ဆက်ကြိုးစားရပါမယ်"လို့ ရော်ဂျာက ပြောခဲ့ပါတယ်။

#ဇာခါ #အာဆင်နယ် #လက်စတာ #လာကာဇက်တီ #ရော်ဂျာ