ရှေ့သို့
Image

ချဲလ်ဆီးရဲ့ မရေရာတဲ့ အနာဂတ်ကြောင့် ကစားသမားတော်တော်များများ အသင်းကထွက်ခွာသွားနိုင်ပါတယ်လို့ ဖာဒီနန်ဆို

12:06 PM, 13 March

ကလပ်ပိုင်ရှင် အေဗရာမိုဗစ်ချ်ကို အရေးယူပိတ်ဆို့မှုများပြုလုပ်ပြီးနောက်မှာတော့ ချဲလ်ဆီးအသင်းရှိ ကစားသမားတော်တော်များများက အသင်းကနေထွက်ခွာသွားနိုင်ပါတယ်လို့ အင်္ဂလန်နောက်တန်းကစားဟောင်း ဖာဒီနန်က ပြောဆိုလိုက်ပါတယ်။

ချဲလ်ဆီးအပါအဝင် အေဗရာမိုဗစ်ချ်ရဲ့ ပိုင်ဆိုင်မှုများဟာ ထိန်းချုပ်ခြင်းခံလိုက်ရတာဖြစ်ပြီး အသင်းအားရောင်းချမှုကိုလည်း ယူအေအစိုးရက တားမြစ်ပိတ်ပင်ထားတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဟာ အသင်းအတွက် လုပ်ငန်းလည်ပတ်ခွင့်ရရှိထားသော်လည်း လက်မှတ်များ၊ ကုန်ပစ္စည်းများကို ရောင်းချနိုင်မှာမဟုတ်သလို တားမြစ်ပိတ်ပင်ထားတဲ့ ကာလအတွင်း စာချုပ်အသစ်ချုပ်ဆိုမှုများ ကစားသမားအသစ်ခေါ်ယူမှုများကို လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။

ပထမအသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ ရူဒီဂါ၊ အက်စ်ပီလီကျူရေတာ၊ ခရစ္စတီယန်ဆန်တို့က ရာသီကုန်မျာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး လက်ရှိအခြေအနေများအရ စတန်းဖို့ဒ်ဘရစ်ချ်ကနေ ထွက်ခွာဖို့နည်းလမ်းကလွဲပြီး အခြားမရှိနေတာဖြစ်ပါတယ်။

"ဒါတွေသာ ကစားသမားတွေဆီရောက်သွားမယ်ဆိုရင်၊ မသေချာမှုတွေ၊ ကြောက်ရွံ့မှုတွေ၊ မသိရှိခြင်းတွေကြောင့် အဆိုးဆုံးအနေအထားတွေဖြစ်လာနိုင်ပါတယ်"

"စာချုပ်သက်တမ်းကုန်ဆုံးမယ့်ကစားသမားတွေရှိနေပြီး ကျွန်တော်အသင်းမှာဆက်နေမယ်လို့ ပြောလို့မရနေတာလည်းဖြစ်ပါတယ်"

"အသင်းရဲ့အကောင်းဆုံးကစားသမားတွေကို ဆုံးရှုံးရနိုင်ပါတယ်၊ ကျွန်တော်တို့က လက်မှတ်ထိုးခဲ့သော်လည်း အခုတော့ သူတို့တွေလည်းထွက်သွားတာကြောင့် ကျွန်တော်လည်း မလုပ်နိုင်တော့ပါဘူးလို့ ပြောနေကြမယ့် ကစားသမားတွေကြောင့် အစုလိုက်အပြုံလိုက်ကစားသမားတွေ ထွက်ခွာဖို့ တွန်အားတစ်ရပ်ဖြစ်လာနိုင်ပါတယ်"

"မေးခွန်းတွေကတော့ အများကြီးရှိနေမှာဖြစ်ပြီး ဒီလိုအခြေအနေမျိုးမှာ တကယ့်ကိုပေးဆပ်ကစားဖို့ဆိုတာကလည်း ခက်ခဲပါတယ်" လို့ ဖာဒီနန်က ပြောပါတယ်။

#ချဲလ်ဆီး #ဖာဒီနန် #အေဘရာမိုဗစ်ချ်