ရှေ့သို့
Image

တော့တင်ဟမ်နဲ့ ပွဲကိုပဲ အပြည့်အ၀ အာရုံစိုက်ထားပါတယ်ဆိုတဲ့ ရန်နစ်

2:58 PM, 12 March

ယနေ့ညမှာ ကစားရမယ့် တော့တင်ဟမ်နဲ့ အရေးကြီးပွဲစဉ်က အနိုင်ရမှဖြစ်မှာဖြစ်လို့ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ပေါ်တူဂီပြန်သွားတဲ့ကိစ္စ၊ မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့ အနာဂတ်ကိစ္စတွေကို ခေါင်းထဲမထည့်ထားဘူးလို့ ယာယီနည်းပြ ရာ့ဖ်ရန်နစ်က ပြောခဲ့ပါတယ်။

ယူနိုက်တက်ဟာ အဆင့် ၄ နေရာအတွက် အဓိကပြိုင်ဘက်အသင်း တစ်သင်းဖြစ်တဲ့ တော့တင်ဟမ်ကို ယနေ့ည အိုးလ်ထရက်ဖို့ဒ်မှာ ရင်ဆိုင်ရမှာဖြစ်ပြီး လာမယ့်အပတ် အင်္ဂါနေ့မှာတော့ အက်သလက်တီကိုမက်ဒရစ် အသင်းကိုလည်း ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ဒုတိယအကျော့အဖြစ် အိမ်ကွင်းမှာပဲ ထပ်မံရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ပွဲစဉ်မှာ မန်စီးတီးကို ရှုံးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ် အဆင့် ၄ နေရာကို အာဆင်နယ်အသင်းဆီ လွှဲပြောင်းပေးလိုက်ရတဲ့အတွက် ယနေ့ည တော့တင်ဟမ်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကိုပဲ အပြည့်အဝအာရုံစိုက်ထားကြောင်း ပြောခဲ့ပါတယ်။ ယူနိုက်တက်နည်းပြကြီးက“ (ရော်နယ်ဒို ပေါ်တူဂီပြန်တဲ့ ကိစ္စနဲ့ ပက်သက်ပြီး) ကျွန်တော်မသိပါဘူး သူမန်ချက်စတာမှာနေရတာ ၊ ဒီအသင်းမှာ ကစားရတာ ပျော်ရဲ့လားလို့လည်း ကျွန်တော် မမေးဖူးဘူး။ ကျွန်တော့်အတွက် အရေးအကြီးဆုံးက သူကြံ့ခိုင်မှုပြည့်ဝနေဖို့ပဲ။ အဲ့ဒါကြောင့် မနေ့က သူထရိန်နင်အပြည့်ဆင်းခဲ့တယ်။ ကျွန်တော်တို့ အခုချိန်မှာလုပ်ရမှာ တော့တင်ဟမ်နဲ့ ပွဲအတွက် ဘယ်ကစားကွက်သုံးပြီး ဘယ်ကစားသမားတွေကို ပွဲထုတ်ရမလဲဆိုတာပဲ။ ရော်နယ်ဒို ပေါ်တူဂီကို ပြန်သွားတာ ပြီးခဲ့တဲ့အပတ်က ကိစ္စပဲ။ အဲ့ခရီးအကြောင်း ဘာမှမသိဘူး။ ဒါက ခုချိန်မှာ အရေးမကြီးတဲ့ ကိစ္စအတွက် ဒီကိစ္စအတွက် အားကုန်ခံနေတာ အဓိပ္ပာယ်မရှိပါဘူး။ ဒီပွဲက ကျွန်တော်တို့အတွက် အရမ်း အရမ်းကြီးပါတယ်။
အဲ့ဒါကြောင့် လာမယ့်ပွဲစဉ်တွေ အတွက်ပဲ အာရုံအပြည့်အ၀ စိုက်ထားပါတယ်။ လွန်ခဲ့တဲ့ ၆ ရက် ၇ ရက်လောက်က ကိစ္စတွေကို ခေါင်းထဲထည့်ပြီး အချိန်ဖြုန်းဖို့ အကြောင်းအရှိပါဘူး”လို့ ပြောခဲ့ပါတယ်။

ကာဗာနီနဲ့ ဗာရာနီလည်း ထရိန်နင်အပြည့် ပြန်ဆင်းခဲ့ပေမယ့် လုခ်ရှောက ကိုဗစ်ကနေ မသက်သာလာသေးသလို၊ မက်တွန်မီနေးကလည်း ခြေသလုံးကြွက်သား ဒဏ်ရာကြောင့် ဆက်နားရဦးမှာဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ကတော့ ဒီပွဲမှာ ပွဲထွက်လူစာရင်းထဲ ပြန်လည်ပါဝင်လာဖို့ များနေပါတယ်။

ရက်ရှ်ဖို့ဒ်ရဲ့ အနာဂတ်နဲ့ ပက်သက်ပြီး မေးမြန်းရာမှာတော့ ရန်နစ်က “ကျွန်တော်မနေ့က သူနဲ့ စကားပြောခဲ့တယ်၊ တမြန်နေ့ကလည်း ပြောတယ်။ ဒီကိစ္စကို အဓိကထားပြီး ပြောတာမဟုတ်တဲ့အတွက် ကျွန်တော်မသိဘူး။ ပရော်ဖက်ရှင်နယ် ဘောလုံးလောကမှ လုပ်လာတာ ၂၅ နှစ်ရှိပါပြီ၊ မီဒီယာတွေက ဖွတဲ့ကိစ္စတွေကို ခေါင်းရှုပ်ခံပြီး ဆုံးဖြတ်မနေဘူး။ သူလည်း ဘာမှမပြောဘူး။ သူပြောတာက သူအသင်းမှာပျော်နေတယ်၊ အကောင်းဆုံးခြေစွမ်းနဲ့ အသင်းအတွက် ကစားပေးချင်သေးတယ်။ သူမပျော်ဘူးဆိုတဲ့စကား တစ်ခွန်းတောင် မပြောဘူး”လို့ ပြောသွားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #တော့တင်ဟမ် #ရန်နစ်