ရှေ့သို့
Image

ရက်ရှ်ဖို့ဒ်ရဲ့ အနာဂတ်အကြောင်း မစိုးရိမ်ပါဘူးလို့ ဆိုလာတဲ့ ရန်းနစ်

11:50 AM, 12 March

ရက်ဖ်ရန်းနစ်က ယူနိုက်တက်တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ အနာဂတ်အပေါ် စိုးရိမ်နေခြင်းမရှိပါဘူးလို့ ပြောလာခဲ့ပါတယ်။ မကြာသေးမီက သတင်းတွေအရ အင်္ဂလန်သားဟာ ပွဲကစားချိန် ပျောက်ဆုံးမှုကြောင့် အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ရန်းနစ်ကတော့ ရက်ရှ်ဖို့ဒ်တစ်ယောက် အသင်းမှာ ပျော်နေပြီး ခြေစွမ်းကောင်း ပြန်ရလိုနေကြောင်း ပြန်လည် ဖြေရှင်းလာခဲ့ပါတယ်။

ရန်းနစ်က "ကျွန်တော် သူနဲ့ မနေ့က စကားပြောခဲ့ပြီး အဲ့ဒီမတိုင်ခင် တစ်ရက်က ကျွန်တော် ဘာမှမသိခဲ့ပါဘူး။ ကျွန်တော်တို့ရဲ့ ပရော်ဖက်ရှင်ဘ၀ ၂၅နှစ်အတွင်း မီဒီယာမှာ ဖြစ်ပျက်နေတာတွေကို သိပ်ပြီး ဂရုမစိုက်ခဲ့ပါဘူး""သူ ကျွန်တော့်ကို ဘာမှ မပြောခဲ့ပဲ အသင်းမှာ ပျော်နေဆဲဖြစ်ပြီး အကောင်းဆုံး စွမ်းဆောင်ရည် ပြသချင်တဲ့အကြောင်းပဲ ပြောခဲ့ပါတယ်"

"သူ ဒီမှာ မပျော်ဘူးဆိုတာ မပြောခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော် အဲ့ဒီကိစ္စကို လုံး၀ စိတ်မပူပါဘူး။ ကျွန်တော် စိတ်ပူပြီး လုပ်ဆောင်နေတာတစ်ခုက သူ့ကို အီလန်ဂါ၊ ဆန်ချိုတို့လိုမျိုး စွမ်းဆောင်ရည်ကောင်းပြီး အရင်က ခြေစွမ်းမျိုး ပြန်ရစေဖို့ ဖြစ်ပါတယ်"လို့ ပြောခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ယခုနှစ်ရာသီ ရော်နယ်ဒို ရောက်လာမှုနဲ့အတူ တိုက်စစ်ကစားသမား များပြားနေချိန် ပွဲထွက်ရဖို့ ရုန်းကန်နေရပါတယ်။

ဆက်လက်ပြီး ရန်းနစ်က "သူ လုံလောက်တဲ့ ပွဲကစားချိန် မရဘူးလို့ ကျွန်တော် မထင်ပါဘူး။ သူ ကျွန်တော် ရောက်လာပြီးကတည်းက ၁၃ပွဲ ၁၄ပွဲလောက် ကစားထားပြီး သူ မကစားရတာထက် ပွဲစကတည်းက ပါဝင်ခဲ့ရတာ ပိုများပါတယ်။ အဲ့ဒါက ပြဿနာလို့ မထင်ပဲ သူလည်း မနေ့က ကျွန်တော့်ကို အဲ့ဒီအကြောင်း မပြောခဲ့ပါဘူး"လို့ ဆိုခဲ့ပါတယ်။
#မန်ချက်စတာယူနိုက်တက် #ရက်ရှ်ဖို့ဒ် #ရန်းနစ်