ရှေ့သို့
Image

အိုလီဝက်ကင်းစ်ကို ခေါ်ယူဖို့ အာဆင်နယ်ကို တိုက်တွန်းခဲတဲ့ ကီဗင်ကမ်းဘဲလ်

4:46 PM, 11 March

အာဆင်နယ် တိုက်စစ်မှူးဟောင်း ကီဗင်ကမ်းဘဲလ်ကတော့ အာဆင်နယ်အနေနဲ့ ဒီနွေရာသီမှာ အက်စတွန်ဗီလာ တိုက်စစ်မှူး အိုလီဝက်ကင်းစ်ကို ခေါ်ယူသင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။ တစ်ချိန်က ဟိုက်ဘူရီအခြေစိုက် အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်ခဲ့တဲ့ ကမ်းဘဲလ်က ၂၆ နှစ်အရွယ် ဗီလာတိုက်စစ်မှူးဟာ နည်းပြအာတီတာရဲ့ ကစားကွက်မှာ အံဝင်မယ့် ကစားသမားအဖြစ် ချီးကျူးခဲ့ပါတယ်။

အာဆင်နယ်တိုက်စစ်မှူးတွေဖြစ်တဲ့ အလက်ဇန္ဒားလာကာဇက်တီနဲ့ အက်ဒီအန်ကီတီယာတို့ဟာ ရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးကြတော့မှာ ဖြစ်တာကြောင့် ဒီနွေရာသီမှာ အနည်းဆုံး တိုက်စစ်မှူးတစ်ဦးတော့ သေချာပေါက် ခေါ်ယူဖွယ်ရှိနေပါတယ်။ ဗီလာရဲ့သတင်းရင်းမြစ်တစ်ခုကလည်း နည်းပြစတီဗင်ဂျရတ်ဟာ ဒီနွေရာသီမှာ ဝက်ကင်းစ်အတွက် ကမ်းလှမ်းမှုတွေကိုလည်း နားထောင်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

ဂျရတ်ဟာ ဘရန့်ဖို့ဒ်တိုက်စစ်မှူးဟောင်းကို နှစ်သက်ပေမယ့် ပိုကောင်းတဲ့ ကစားသမားတွေ ခေါ်ယူနိုင်ဖို့အတွက် လိုအပ်နေတဲ့ ဘဏ္ဍာရေးကို ကစားသမားတစ်ချို့ရောင်းထုတ်ပြီး ဖြည့်ဖို့စီစဉ်နေတာ ဖြစ်ပါတယ်။ ဝက်ကင်းစ်ဟာ ၂၀၂၀ ကမှ ပေါင် ၃၃ သန်းနဲ့ ဗီလာကိုရောက်ရှိလာတာဖြစ်လို့ ၂၀၂၅ ထိစာချုပ်သက်တမ်း ရှိနေပါတယ်။

ကမ်းဘဲလ်က “ကျွန်တော်ကတော့ အိုလီဝက်ကင်းစ်ကို တော်တော်လေး ကြိုက်တယ်။ ဘရန့်ဖို့ဒ်မှာကတည်းက ကြိုက်ခဲ့တာ ခုဗီလာရောက်တော့ ပိုတောင်ကောင်းလာသေးတယ်။  ကျွန်တော်ကသာ သူခြေကျသွားမှာကို စိုးရိမ်နေတာ သူက ပိုတောင်ကောင်းလာသေးတယ်။ သူ့လိုအပတ်တိုင်း ဂိုးသွင်းနေပြီး အသင်းအတွက် အရေးပါတဲ့ တိုက်စစ်မှူးမျိုးရှားပါတယ်။ အာဆင်နယ်ဆိုရင် တိုက်စစ်မှူးနှစ်ဦးလောက် လိုနေတာပါ အဲ့ဒီထဲက တစ်ယောက်က ဝက်ကင်းစ်ဖြစ်သင့်ပါတယ်။ သူက ဂိုးသွင်းအရမ်းကောင်းတယ်၊ အာဆင်နယ်မှာလည်း အဲ့ဒီလို ဂိုးသွင်းသေချာတဲ့ တိုက်စစ်မှူးမျိုး လိုနေတာပါ။ ပြီးတော့ ငယ်လည်းငယ်သေးတယ်လေ။ ဟုတ်တယ်မလား ဒီအပြောင်းအရွှေ့က တကယ်ဖြစ်လာနိုင်တယ်လို့ ထင်တာပဲ။ ဒါပေမယ့် အူဘာမီယန်း၊ လာကာဇက်တီ၊ အန်ကီတီယာ သုံးယောက်လုံး မရှိတော့ရင် သေချာပေါက် နောက်ထပ် တိုက်စစ်မှူးတစ်ဦး လိုဦးမှာပါ။ ဝက်ကင်းစ်နဲ့ တစ်ယောက်ယောက်ပေါ့”ဆိုပြီး ပြောခဲ့ပါတယ်။

#အာတီတာ #အာဆင်နယ် #အပြောင်းအရွှေ့ #ကမ်းဘဲလ် #ဝက်ကင်းစ်