ရှေ့သို့
Image

မက်ဆီ မပါပဲ အောင်မြင်မှုရယူနိုင်မှာ မဟုတ်ကြောင်း ဝန်ခံပြောကြားလာတဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ

4:23 PM, 11 March

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက သူ့ရဲ့ဘာစီလိုနာအသင်းဟာ မက်ဆီမရှိပဲ အောင်မြင်မှုတွေ ရယူနိုင်မှာ မဟုတ်ဘူးလို့ ဝန်ခံပြောကြားလိုက်ပါတယ်။ ဂွါဒီယိုလာက မက်ဆီကို ပိုင်ဆိုင်ရတာက နှစ်ချို့ဝိုင်တစ်လုံးကို ပိုင်ဆိုင်ရသလိုပဲလို့ ပြောကြားခဲ့ပြီး ဘော်လွန်းဒီအော်ဆု ၇ ကြိမ်ရတဲ့ မက်ဆီကို ဘက်စ်ကက်ဘောဂန္ထဝင် မိုက်ကယ်ဂျော်ဒန်နဲ့ ခိုင်းနှိုင်းခဲ့ပါတယ်။

မက်ဆီ နဲ့ ဂွါဒီယိုလာတို့ ၂ ဦးဟာ ဘာစီလိုနာမှာ အောင်မြင်မှု တော်တော်များများရယူနိုင်ခဲ့ပြီး လာလီဂါ ၃ ကြိမ်၊ ချန်ပီယံလိဂ် ၂ ကြိမ် နဲ့ ကိုပါဒယ်ရေး ၃ ကြိမ်ရယူနိုင်ခဲ့ပါတယ်။ ဂွါဒီယိုလာဟာ သမိုင်းတစ်လျှောက် အကောင်းဆုံးနည်းပြတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရတာဖြစ်ကာ မက်ဆီမပါပဲ ဘာစီလိုနာဟာ အောင်မြင်မှုမရနိုင်ဘူူးလို့ ပြောကြားခဲ့ပါတယ်။

မက်ဆီနဲ့ပတ်သက်ပြီး ဂွါဒီယိုလာက “မက်ဆီကို ဘယ်လိုဆိုလိုရမလဲဆိုရင် အရာအားလုံးပါပဲ။ မက်ဆီက မိုက်ကယ်ဂျော်ဒန်နဲ့ ဆင်တူပါတယ်။ ဖီးလ်ဂျက်ဆန်တုန်းကလည်း အရာအားလုံးက ဘာပြဿနာမှမရှိပဲ အကုန်အဆင်ပြေပါတယ်။ မက်ဆီကို ပိုင်ဆိုင်ရတာက နှစ်ချို့ဝိုင်တစ်လုံးလိုပါပဲ။ ခေါ်ယူခွင့်ပေးခဲ့တဲ့သူ့ကိုလည်း ကျေးဇူးတင်ချင်ပါတယ်။ ကျွန်တော်တို့ အကောင်းဆုံးအုပ်စုရှိခဲ့ပါတယ်။ ဘာစီလိုနာနဲ့အတူ ၄ နှစ်တာ ဖြတ်သန်းခဲ့ပြီး ဇာဗီ၊ ပူယိုးလ်နဲ့ အင်နီယေစတာတို့လို လူတွေလည်း ပိုင်ဆိုင်ခဲ့ပါတယ်။ အချိတ်အဆက်တော်တော်မိခဲ့ပြီး မက်ဆီမပါပဲ ဆုဖလားအောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ လုံးဝမဖြစ်နိုင်လောက်ပါဘူး”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

ဂွါဒီယိုလာဟာ မန်စီးတီးမှာ အောင်မြင်နေပြီး မက်ဆီကတော့ ရုန်းကန်နေရကာ နွေရာသီတုန်းက ဘာစီလိုနာကနေ ပီအက်စ်ဂျီကိုပြောင်းရွှေ့ခဲ့ပြီးနောက် ခြေစွမ်းကျဆင်းနေတာဖြစ်ပါတယ်။ အမှန်တကယ်မှာတော့ အာဂျင်တီးနားသားဟာ ပြင်သစ်မြေမှာ ရုန်းကန်နေရကာ ချန်ပီယံလိဂ်မှာလည်း ရီးရဲလ်ကို အရေးနိမ့်ပြီး ထွက်ခွာခဲ့ရပါတယ်။

#ဘာစီလိုနာ #မန်စီးတီး #ဂွါဒီယိုလာ #မက်ဆီ