ရှေ့သို့
Image

ယူနိုက်တက်ရဲ့ ခက်ခဲတဲ့ရာသီမှာ ငြိမ်းချမ်းရေးဆောင်ကျဉ်းသူ ဖြစ်နေတဲ့ ဒါရင်းဖလက်ချာ

9:56 AM, 11 March

မန်ချက်စတာယူနိုက်တက်ရဲ့ ခက်ခဲရှုပ်ထွေးလှတဲ့ ဒီရာသီမှာ နာမည်ကြီးနည်းစနစ်ဒါရိုက်တာ ဒါရင်းဖလက်ချာက ငြိမ်းချမ်းရေးဆောင်ကျဉ်းပေးသူ တစ်ဦးလို အခက်အခဲတွေကို ဖြေရှင်းနေတယ်လို့ သတင်းတွေက ဖော်ပြလာပါတယ်။

ယူနိုက်တက်ဟာ နည်းပြအိုလီဂန်နာဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် ခက်ခဲတဲ့ရာသီကို ကျော်ဖြတ်နေရပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒို၊ ဂျေဒန်ဆန်ချိုနဲ့ ရာဖေးလ်ဗာရာနီတို့လို ထိပ်တန်းကစားသမားတွေကို ခေါ်ယူခဲ့ပေမယ့်လည်း ဒီရာသီ ချန်ပီယံလမ်းကြောင်းကနေတော့ ဖယ်ရှားခံခဲ့ရပါတယ်။

ရော်နယ်ဒိုနဲ့ယာယီနည်းပြ ရာ့ဖ်ရန်နစ်တို့ကြား အဆင်မပြေမှုတွေဖြစ်ပေါ်နေပြီး ဒီနွေရာသီမှာ အသင်းကနေ ပြန်လည်ထွက်ခွာဖို့ စဉ်းစားနေတယ်ဆိုတဲ့ သတင်းတွေလည်း ဆက်တိုက်ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် ကွင်းလယ်ကစားသမားဟောင်း ဖလက်ချာကတော့ လောင်ကျွမ်းနေတဲ့အသင်းကို နောက်ကွယ်ကနေ ငြိမ်းချမ်းမှု ရရှိအောင် ဆောင်ရွက်နေပြီး ကစားသမားတွေကလည်း ဖလက်ချာအသင်းမှာရှိနေတာကို သဘောကျနေကြတယ်လို့ သိရပါတယ်။

ရန်နစ်ရဲ့ pressing ကစားဟန်မှာ ရုန်းကန်နေရတဲ့ ကစားသမားတွေအတွက် ဖလက်ချာက အရမ်းအရေးကြီးတဲ့ နည်းပြတစ်ယောက်လိုဖြစ်နေသလို လက်ထောက်နည်းပြ ခရစ္စအာမက်စ်ကလည်း ကစားသမားတွေရဲ့ ပြဿနာတွေကို ကူညီဖြေရှင်းပေးနေတယ်လို့ သိရပါတယ်။ ၃၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖလက်ချာဟာ ၁၉၉၅ ခုနှစ်မှာ ကျောင်းသားအရွယ်လေးကတည်းက ယူနိုက်တက်ကို ရောက်ရှိခဲ့ပြီး အသင်းအတွက် ၃၄၂ ပွဲကစားခဲ့ပါတယ်။ ပရီးမီးယားလိဂ် ၅ ကြိမ်၊ လိဂ်ဖလား ၁ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်နဲ့ ချန်ပီယံလိဂ် ၁ ကြိမ်စီရရှိခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တော်ကစားသမား တစ်ယောက်ဖြစ်ခဲ့ပါတယ်။

လက်ရှိယူနိုက်တက်ရဲ့ လူငယ်မျိုးဆက်သစ် ကစားသမားတွေကြားမှာလည်း ဖလက်ချာက စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်နေပြီး ယူနိုက်တက်ရဲ့ ခက်ခဲတဲ့ရာသီမှာလည်း နောက်ကွယ်ကနေ ပြဿနာတွေကို ဖြေရှင်းလနေခဲ့ပါတယ်။ ပြီးခဲ့တဲ့လက စပိန်သတင်းတွေအရ ရော်နယ်ဒိုနဲ့ရန်နစ်တို့ရဲ့ ဆက်ဆံရေးဟာ လုံးဝကို ပျက်စီးသွားပြီဖြစ်ပြီး ရီးရဲလ်နဲ့ဂျူဗီတိုက်စစ်မှူးဟောင်းက လိုက်ပ်ဇစ်နည်းပြဟောင်းကို  လိုက်မမီနိုင်ဘူးလို့ အခြားကစားသမားတွေကိုလည်း ခံစားရစေကြောင်း ဖော်ပြခဲ့ကြပါတယ်။

ရော်နယ်ဒိုဟာ ဒီရာသီမှာ သွင်းဂိုး ၁၅ ဂိုးနဲ့ ဂိုးအများဆုံးသွင်းယူထားသူဖြစ်ပေမယ့် ဒီနှစ်ထဲမှာတော့ တစ်ဂိုးသာ သွင်းယူနိုင်သေးပြီး အသင်းကနေ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဖလက်ချာဟာ ကနဦးက ယူနိုက်တက်အကယ်ဒမီရဲ့ နည်းပြဖြစ်ခဲ့ပြီးနောက် ပထမအသင်း နည်းပြအဖွဲ့ဝင်ကနေ နည်းစနစ်ဒါရိုက်တာ အဖြစ်အဆင့်ဆင့် ရာထူးတက်လာသူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ရဲ့ နည်းပြသစ်ကို ရွေးချယ်ရာမှာလည်း အဓိကကျသူဖြစ်နေပြီး အသင်းကနေ အငှားထွက်ကစားနေတဲ့ လူငယ်ကြယ်ပွင့်တွေကိုလည်း အမြဲတစေကြီးကြပ်စောင့်ကြည့်လျက်ရှိပါတယ်။

အသင်းရဲ့ လူငယ်ကစားသမားတွေအပေါ် သူ့ရဲ့အမြင်ကို မေးမြန်းရာမှာလည်း ဖလက်ချာက လူငယ်ကစားသမားတွေကို ဖိအားပေးမှာ မဟုတ်ပေမယ့် အနာဂတ်မှာ တောက်ပလာမယ့် ကစားသမားတွေကိုကြည့်ပြီး စိတ်လှုပ်ရှားမိကြောင်း ပြောခဲ့ပါတယ်။ လက်ရှိအင်္ဂလန်လိဂ်တွေနဲ့ နိုင်ငံခြားလိဂ်တွေမှာ အငှားထွက်ကစားပြီး ပုံမှန်နေရာရနေတဲ့ ယူနိုက်တက်လူငယ် ကစားသမား ၁၃ ယောက်ရှိနေပြီး ဒီထဲက ဘရန်ဒန်ဝီလီယံ၊ တီဒန်မန်ဂီ၊ ဂျိမ်းစ်ဂါနာ၊ အီသန်လိန်းဒ်၊ တာဟစ်ချောင်နဲ့ အာမက်ဒီယယ်လိုတို့ကတော့ အထူးခြေစွမ်းပြသလျက်ရှိပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဖလက်ချာ #ရန်နစ်