ရှေ့သို့
Image

ယူနိုက်တက်အနေနဲ့ ဖာဂူဆန်ဆီကအကြံဥဏ် မယူသင့်တော့ဘူးလို့ မက်မာနာမန်ဝေဖန်

7:49 PM, 9 March

အင်္ဂလန်ကြယ်ပွင့်ဟောင်း စတိဗ်မက်မာနာမန်က မန်ချက်စတာယူနိုက်တက်အနေနဲ့ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုကိုထောက်ခံနေတဲ့ ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ရဲ့ အကြံကို လစ်လျူရှုဖို့ တိုက်တွန်းခဲ့ပါတယ်။ ယူနိုက်တက်ဟာ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးကို ၄-၁ နဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့ပြီးနောက် ရာသီကုန်မှာ အမြဲတမ်းနည်းပြခန့်အပ်နိုင်ဖို့ အရှိန်မြှင့်တင်ဆောင်ရွက်လာခဲ့ပါတယ်။ 

ရာ့ရန်နစ်က ယာယီနည်းပြအဖြစ်သာ နိုဝင်ဘာလက ထုတ်ပယ်ခံခဲ့ရတဲ့ အိုလီဂန်နာဆိုးလ်ရှားရဲ့နေရာကို အစားဝင်ခဲ့တာဖြစ်ပြီး ဒီနွေရာသီမှာတော့ အုပ်ချုပ်မှုအပိုင်းကို ပြောင်းရွှေ့တော့မှာလည်း ဖြစ်ပါတယ်။ ပိုချက်တီနိုနဲ့ အဲရစ်တန်ဟတ်တို့ကတော့ ယူနိုက်တက်နည်းပြရာထူးအတွက် ရေပန်းအစားဆုံးဖြစ်ပြီး မက်မာနာမန်က တော့တင်ဟမ်ကို ၅ နှစ်တာဝန်ယူခဲ့တဲ့ ပိုချက်တီနိုဟာ ယူနိုက်တက်ကို အောက်ဆုံးထိ ဆွဲချဖို့အတွက်ပဲ သင့်တော်တယ်လို့ ပြောခဲ့ပါတယ်။ 

ပြီးခဲ့တဲ့အပတ်ကပဲ ယူနိုက်တက်ဂန္တဝင်နည်းပြကြီး ဖာဂူဆန်ဟာ ပိုချက်တီနိုနဲ့ အဆင်မပြေခဲ့ရင် ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီကိုလည်း အရန်အဖြစ် စိတ်ဝင်စားကြောင်း သတင်းတွေထွက်ခဲ့ပါသေးတယ်။ ဒါပေမယ့် မက်မာနာမန်ကတော့ အီတလီသားနည်းပြဟာ ဘယ်နည်းနဲ့မှ ယူနိုက်တက်အတွက် မဖြစ်နိုင်ကြောင်း ပြောခဲ့ပါသေးတယ်။

 မက်မာနာမန်က “ အန်ဆယ်လော့တီက မန်ချက်စတာယူနိုက်တက်အတွက် သင့်တော်တဲ့နည်းပြတွေ မဟုတ်ပါဘူး။ ယူနိုက်တက်က တည်ငြိမ်မှုလိုအပ်နေတာပါ၊ စီမံကိန်းတွေလည်း လိုအပ်တယ်။ အဲ့ဒီအတွက် အချိန်ပေးနိုင်မယ့် နည်းပြတစ်ယောက်ကိုပဲ လိုအပ်ပါတယ်။ ကစားသမားတွေနဲ့ တစ်သားတည်းရှိမယ့် နည်းပြမျိုးလည်း ဖြစ်ဖို့လိုအပ်ပါတယ်။

ကစားသမားတွေကို ရှင်းထုတ်ချင်ရင် ထောက်ခံချက်ရှိဖို့လိုတယ်။ ဒါပေမယ့် တည်ငြိမ်ပြီး အသင်းမှာ ရေရှည်နေနိုင်မယ့် နည်းပြမျိုးပဲ ယူနိုက်တက်မှာလိုပါတယ်။ ကာလို(အန်ဆယ်လော့တီ) ရီးရဲလ်မက်ဒရစ်မှာ ဘာတွေဖြစ်နေလဲ ကျွန်တော်မသိပါဘူး။ သူပြည်တွင်းလိဂ်ဖလား ရရဲ့သားနဲ့ ရာထူးက အထုတ်ခံရရင်တော့ အံ့သြမိမှာ အမှန်ပဲ။ ပြီးတော့ ချန်ပီယံလိဂ်မှာ ဘာတွေဖြစ်နိုင်လဲဆိုတာအပေါ်လည်း မူတည်သေးတယ်” လို့ ပြောခဲ့ပါတယ်။ 

ပိုချက်တီနိုကို ခေါ်ယူဖို့ ယူနိုက်တက်တို့ အာရုံစိုက်သင့်လားလို့ မေးမြန်းရာမှာတော့ အင်္ဂလန်နဲ့ လီဗာပူး တောင်ပံကစားသမားဟောင်းက “ သူက မန်ချက်စတာယူနိုက်တက်ကို အင်အားကြီးလာစေပါလိမ့်မယ် ဒါပေမယ့် ဒီအချိန်မှာ ပြောလို့မရသေးပါဘူး။ ကျွန်တော်လေးစားမှု မရှိတာမဟုတ်ပါဘူး။ ယူနိုက်တက်က အရမ်းလွှမ်းမိုးမှု ကြီးပါတယ်။ A အဆင့် နည်းပြမျိုးပဲ ခန့်သင့်ပါတယ်။ ပိုချက်တီနိုက မကောင်းဘူးလို့ မပြောဘူး။ သြဇာပိုကြီးပြီး နည်းနည်းလေး တည်ငြိမ်မှုပဲ ပိုလိုအပ်နေတာပါ။ ရန်နစ်ကိုတော့ အားနာတယ် သူကဒီပုံစံနဲ့ အသင်းကိုရာသီကုန်ထိ တာဝန်ယူရဦးမယ်။ ပြီးမှသူက အပေါ်ကိုတက်မှာလေ။ အဲ့ဒီအတွက် သူနည်းပြရာထူးယူတဲ့နေရာမှာ မတည်ငြိမ်တာတွေ အများကြီးဖြစ်နေတာပဲ။

သူအသင်းကို ကိုင်တဲ့ပုံက လျော့တိလျော့ရဲဖြစ်နေတယ်။ ပိုချက်တို့ အဲရစ်တန်ဟတ်တို့သာဆိုရင် ပြတ်ပြတ်သားသားနဲ့ ယူနိုက်တက်ကို အင်အားပိုကြီးအောင် သူ့နည်းသူ့ဟန်နဲ့ ထိန်းပါလိမ့်မယ်။ ဘာတွေဖြစ်လာမလဲ ခန့်မှန်းရတာ နည်းနည်းတော့ ရှု့ပ်တယ်။ သူတို့သေချာလေးတော့ စဉ်းစားပါလိမ့်မယ်။ ပိုချက်တီနိုကလည်း နည်းပြကောင်းတစ်ယောက်ပါ။ ဒါပေမယ့် သူကမန်ချက်စတာယူနိုက်တက်လို အသင်းမျိုး သွားကိုင်ရင် အောက်ဆုံးကိုပဲ ရောက်သွားလိမ့်မယ်။ ယူနိုက်တက်ထက်စာရင် ရီးရဲလ်မက်ဒရစ်ကမှ သူ့အတွက် ပိုအဆင်ပြေလိမ့်မယ် ” လို့ ဝေဖန်ခဲ့ပါတယ်။ 

ယူနိုက်တက်ဟာ မန်စီးတီးကို ၄-၁ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ်အဆင့် ၅ နေရာကို အာဆင်နယ်ထက် တစ်အမှတ်လျော့ သုံးပွဲပိုကစားပြီး ကျဆင်းသွားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ပိုချက်တီနို #ဖာဂူဆန် #အန်ဆယ်လော့တီ #မက်မနာမန်