ရှေ့သို့
Image

ဆဲလ်ဘတ်နဲ့ ပထမအကျော့က ကန်ချက်၁ကြိမ်မှ မရှိခဲ့ပေမဲ့ ဒုတိယအကျော့မှာ ၂၂မိနစ်အတွင်း ဟက်ထရစ် သွင်းပြလိုက်တဲ့ လီဝမ်ဒေါ့စကီး

10:12 AM, 9 March

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါ့စကီးဟာ ဆဲလ်ဘတ်နဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ပထမအကျော့ ပွဲစဉ်မှာ ကန်ချက်၁ကြိမ်မှ မရှိခဲ့ပေမဲ့ ဒုတိယအကျော့မှာတော့ ၂၂မိနစ်အတွင်း ဟက်ထရစ်သွင်းနိုင်ခဲ့ပါတယ်။

ဆဲလ်ဘတ်အသင်းဟာ ပြီးခဲ့တဲ့လ ဩစတြီးယားမှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ကို သရေရအောင် ကစားနိုင်ခဲ့တာပါ။ ဒါပေမဲ့ ဘိုင်ယန်မြူးနစ်တို့ ယမန်နေ့ညပွဲစဉ်မှာ အကောင်းဆုံး စတင်နိုင်ခဲ့ပြီး ပွဲချိန် ၁၂မနစ်မှာတင် လီဝမ်ဒေါ့စကီးက ပင်နယ်တီကနေ ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပါတယ်။

၉မိနစ်အကြာမှာ ဆဲလ်ဘတ်ကစားသမား ဝေါ့ဘာ လီဝမ်ဒေါ့စကီးကို ဆွဲချခဲ့တာကြောင့် ပင်နယ်တီ ထပ်ရခဲ့ပြီး လီဝမ်ဒေါ့စကီးကပဲ သွင်းယူပေးခဲ့ပါတယ်။ ၃၃နှစ်သားဟာ သိပ်မကြာခင်မှာပဲ ပြိုင်ဘက်ကစားသမား ကွန်းထံကနေ ဘောလုံးလုပြီး ဟက်ထရစ်ဂိုးအဖြစ် ထပ်မံသွင်းယူနိုင်ခဲ့ကာ ဘိုင်ယန်ကလည်း အစောကြီး ပွဲကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။

ယခုအပတ်အတွင်း ဘိုင်ယန်နဲ့ အနာဂတ် မရေရာဘူးလို့ သတင်းတွေထွက်နေတဲ့ လီဝမ်ဒေါ့စကီးဟာ ယခုနှဏ်ရာသီအတွင်း ပြိုင်ပွဲစုံ သွင်းဂိုး ၄၀ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ ပိုလန်သားရဲ့ ခြေစွမ်းကောင်းတွေအပေါ်မှာတော့ တွစ်တာမှ ပရိသတ်တွေက ချီးကျူးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ပရိသတ်၁ဦးက “လီဝမ်ဒေါ့စကီးအကြောင်း ရုပ်ရှင်ထုတ်သင့်နေပါပြီ။ သူက တကယ်ကောင်းတာပါ”လို့ ရေးခဲ့ပါတယ်။ နောက်၁ဦးကလည်း “လီဝမ်ဒေါ့စကီး ပထမပိုင်းမှာတင် ဟက်ထရစ် ရနေပြီ။ သူက ကမ္ဘာ့အကောင်းဆုံးပဲ”လို့ ဆိုပါတယ်။ တတိယ၁ယောက်ကလည်း “လီဝမ်ဒေါ့စကီးကို ဆယ်စုနှစ်အတွင်း အဆုံးသတ်အကောင်းဆုံး တိုက်စစ်မှူးအဖြစ် သတ်မှတ်သင့်နေပါပြီ။ ဆွာရက်ဇ်ကို မလေးမစား ပြောတာမဟုတ်ပေမဲ့ သူက အကောင်းဆုံးပါပဲ”လို့ ရေးသားခဲ့ပါတယ်။

ဆဲလ်ဘတ်အသင်းရဲ့ နောက်ကနေ ဘောလုံးစပေးတဲ့ ကစားကွက်က ဘိုင်ယန်ရဲ့ pressingနဲ့ အတွေ့မှာတော့ ပေးဆပ်မှု ကြီးမားခဲ့ပြီး ၇-၁ဂိုးနဲ့ ဂိုးပြတ်ရှုံးခဲ့ပါတယ်။

#လီဝန်ဒေါ့စကီး #ချန်ပီယံလိဂ် #ဘိုင်ယန်မြူးနစ် #ဆဲလ်ဘတ်