ရှေ့သို့
Image

ယူနိုက်တက် ကစားသမား ၁၀ ယောက်လောက်ကို ရှင်းထုတ်သင့်တယ်လို့ ခရစ္စဆက်တန်ဝေဖန်

9:47 AM, 8 March

BT Sport ရဲ့ တင်ဆက်သူ ခရစ္စဆက်တန်ကတော့ မန်ချက်စတာယူနိုက်တက် ကစားသမား ၅ ယောက် ၆ ယောက်လောက်ဟာ အသင်းအတွက် ထပ်မကစားသင့်တော့ဘူးလို့ ပြောခဲ့တဲ့ ရွိုင်ကိန်းက တော်တော်သဘောကောင်းတယ်လို့ ပြောခဲ့ပြီး တကယ်တမ်း ယူနိုက်တက်ကနေ ရှင်းထုတ်သင့်တာကတော့ ကစားသမား ၁၀ ယောက်လောက်ထိ ရှိတယ်လို့ ဝေဖန်ခဲ့ပါတယ်။

မန်ချက်စတာစီးတီးကို ၄-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ အသင်းဟောင်းရဲ့ စွမ်းဆောင်ရည်အပေါ်မှာ ရွိုင်ကိန်းတစ်ယောက် အကြီးအကျယ် ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ အရည်အချင်းမရှိတာထက် ဒုတိယပိုင်းမှာ အသင်းရဲ့ ကြိုးစားအားထုတ်မှု မရှိတော့တဲ့အခြေအနေကို ရွိုင်ကိန်းက ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ အိုင်ယာလန်သားကြီးက ယူနိုက်တက်ဟာ ပြိုင်ဘက်ကို အရှုံးပေးခဲ့ပြီး အဲ့ဒီပွဲက ကစားသမား တစ်ဝက်လောက်ဟာ အသင်းကနေ ဖယ်ရှားခံရသင့်တယ်ဆိုပြီး ပြောခဲ့ပါတယ်။

ကိန်းက “မန်ချက်စတာယူနိုက်တက်အတွက် ထပ်မကစားသင့်တော့တဲ့ ကစားသမား ၅ ယောက် ၆ ယောက်လောက်ကို ကျွန်တော်ချရေးပြလို့ရတယ်။ ရှက်ဖို့ကောင်းလွန်းတယ်၊ လူစားဝင်လာတဲ့ ကစားသမားတွေကအစ အသင်းအတွက် ဘာအကျိုးသက်ရောက်မှုမှ မရှိဘူး။ ရှင်းရှင်းပြောရရင် ကွင်းထဲဝင်ပြီး ပြေးဖို့တောင် သူတို့မစဉ်းစားထားတဲ့ပုံပဲ။ ကွင်းလယ်ကစားသမား ၂ ယောက်ရယ်၊ ဝမ်ဘစ်ဆာကာ၊ ဖရက်ဒ်၊ မက်ဂွာရီ၊ ရက်ရှ်ဖို့ဒ် မင်းတို့ကောင်တွေ ဘာဖြစ်နေကြတာလဲ။ အရင်ကပြောခဲ့သလိုပဲ လူကြီးနဲ့ ကလေးဆော့တဲ့ပွဲပါ။ သူတို့အရှုံးပေးခဲ့ကြတယ်၊ အဲ့ဒီအတွက်လည်း အရမ်းရှက်မိတယ်”လို့ ပြောခဲ့ပါတယ်။

ဆက်တန်ကလည်း ကိန်းရဲ့စကားကို ထောက်ခံခဲ့ပြီး သူ့ရဲ့ဒေးလီးမေးလ်ဆောင်းပါးမှာ “ဒီစကားတွေကို ပြောမယ့်သူက ကျွန်တော်ပထမဆုံးဖြစ်မယ်ထင်တာ၊ ရွိုင်းကိန်းကအရင်ပြောသွားတယ်။ ဒါပေမယ့် သူတော်တော် သဘောကောင်းပါတယ်။ သူပြောတာ ၅ ယောက် ၆ ယောက်လောက်က မန်ချက်စတာယူနိုက်တက် အတွက် ထပ်မကစားသင့်တော့ဘူးတဲ့လေ။ အမှန်က တော်တော်လေး နည်းပါတယ်”လို့ ရေးသားထားပါတယ်။

ဆက်တန်က ယူနိုက်တက်ကနေ ရှင်းထုတ်သင့်တဲ့ ကစားသမား ၁၀ ယောက်ကိုလည်း အမည်တွေနဲ့တကွ ရေးသားခဲ့ပါတယ်။ ဆက်တန်ဖော်ပြခဲ့တဲ့ ကစားသမားတွေကတော့ “အာရွန်ဝမ်ဘစ်ဆာကာ၊ ဗစ်တာလင်ဒီလော့ဖ်၊ ဟယ်ရီမက်ဂွာရီ၊ အဲလက်စ်တဲလက်စ်၊ ဖရက်ဒ်၊ ပေါလ်ပေါ့ဂ်ဘာ၊ မားကပ်စ်ရက်ရှ်ဖို့ဒ်၊ ဂျက်ဆီလင်ဂတ်၊ ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ အက်ဒီဆင်ကာဗာနီ”တို့ပဲ ဖြစ်ပါတယ်။

ဘလက်ဘန်း၊ ချဲလ်ဆီးနဲ့ ဆဲလ်တစ်တိုက်စစ်မှူးဟောင်း ရက်ရှ်ဖို့ဒ်၊ မက်ဂွာရီတို့ကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါသေးတယ်။

ဆက်တန်က “ရက်ရှ်ဖို့ဒ်က အသင်းက ထွက်ဖို့စဉ်းစားနေတယ်လို့ သတင်းတွေ တွေ့ရတယ်။ အဲ့ဒီတော့ စဉ်းစားမနေနဲ့ ထွက်လိုက်ပါ။ ရက်ရှ်ဖို့ဒ်အနေနဲ့ ယူနိုက်တက်ကစားသမားဘ၀ ကျဆင်းသွားလို့ တစ်ယောက်ယောက်ကို အပြစ်တင်ဖို့ ရှာနေတယ်ဆိုရင်တော့ ကိုယ့်ကိုယ့်ကိုယ်ပဲ ပြန်အပြစ်တင်လိုက်ပါ။ ပြီးတော့ မက်ဂွာရီ၊ မင်း ယူနိုက်တက်ကိုရောက်လာတာ ပေါင်သန်း ၈၀ နဲ့နော်၊ ဒါလည်းအလုပ်မဖြစ်ဘူး။ သူ့အပေါ်မျှော်လင့်ချက်တွေ ထားနေရအောင် သူကဗာဂျီဗန်ဒိုက်မဟုတ်ပါဘူး”လို့ ရေးသားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ခရစ္စဆက်တန်