ရှေ့သို့
Image

စစ်ဒဏ်ခံနေရတဲ့ ယူကရိန်းပြည်သူတွေအတွက် ပေါင် သန်းနဲ့ချီ လူသားချင်းစာနာမှုအကူအညီပေးရန် ပရီးမီးယားလိဂ်ကလပ်တွေ သဘောတူညီ

9:00 AM, 8 March

ပရီးမီးယားလိဂ်ကလပ်တွေဟာ ရုရှားရဲ့ ကျူးကျော်မှုနဲ့ ရင်ဆိုင်နေရတဲ့ ယူကရိန်းနိုင်ငံက စစ်ဒဏ်သင့် ပြည်သူတွေအတွက် ပေါင် သန်းနဲ့ချီတဲ့ လူသားချင်းစာနာမှုအကူအညီတွေပေးဖို့ သဘောတူခဲ့ကြောင်း သိရပါတယ်။

ကျူကျော်စစ်ကြောင့် စစ်ဒဏ်ခံနေရသူတွေကို ကူညီဖို့ အဆိုပါ လှူဒါန်းမှုက ပရီးမီးယားလိဂ်ကလပ်တွေထံကနေ တိုက်ရိုက်လာမှာဖြစ်သလို တစ်ဖက်မှာလည်း ပေါင် ၆သန်းတန် ရုရှားမှာ ပရီးမီးယားလိဂ်ပွဲစဉ်တွေ ထုတ်လွှင့်ခွင့်ကိုလည်း ဖျက်သိမ်းသွားဖို့ သဘောတူခဲ့ကြပါတယ်။ ပရီးမီးယားလိဂ်ဟာ ပြီးခဲ့တဲ့ ကြားရက်က ပွဲစဉ်တွေကို ရုရှားမှာ ဆက်လက်ပြသခဲ့ကြပြီး ယူကရိန်းနိုင်ငံကို အားပေးထောက်ခံတယ်ဆိုတာ ရုရှားပြည်သူတွေ သိစေလိုတဲ့ မျှော်လင့်ချက်နဲ့ ပြသခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ကလပ်တွေဟာ လာမယ့် ကြာသပတေးည ပွဲစဉ်၄ပွဲကနေ စတင်ကာ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ရုရှားမှာ ပြသခွင့် ပိတ်ပင်ဖို့ သဘောတူခဲ့ကြပါတယ်။ ရုရှားမှာ ပြသခွင့်ရထားတဲ့ Streaming Platform တစ်ခုဖြစ်တဲ့ Okko Sportဟာ ယူကရိန်းကို ထောက်ခံအားပေးတဲ့ ပွဲမတိုင်ခင် လှုပ်ရှားမှုတွေကို ပြသခဲ့ခြင်း မရှိပေမဲ့ မန်ချက်စတာဒါဘီပွဲမတိုင်ခင် ကွင်းထဲက နာရီမှာ Football Stand Together ဆိုတဲ့ စာတန်း ပြသမှုကိုတော့ ထုတ်လွှင့်ခဲ့ပါတယ်။

အက်ဖ်အေနဲ့ EFLတို့ဟာလည်း ရုရှားက ပြသခွင့်တွေကို ပိတ်ပင်သွားမယ်လို့ မျှော်မှန်းထားပါတယ်။ ပရီးမီးယားလိဂ်ရဲ့ နိုင်ငံရေးဆိုင်ရာ မက်ဆေ့တွေကို ပွဲတွေမှာ ထည့်သွင်းမှုက တရုတ်မှာတော့ ကိုယ့်အတတ်ကိုယ်စူးပြီး မူပိုင်ခွင့်ရထားတဲ့ IQUYIက ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ပြသဖို့ ငြင်းဆန်ခဲ့ပါတယ်။

ယခုနှစ်ရာသီကမှ စတင်ခဲ့တဲ့ IQIYIနဲ့ ပေါင် သန်း၁၂၀တန် စာချုပ်သာ ဆုံးရှုံးသွားရင်တော့ ကလပ်တွေအတွက် ဘဏ္ဍာရေးအရ ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာမှာ ဖြစ်ပြီး ကလပ်တွေကတော့ အဆိုပါ စာချုပ်ကို ဖျက်သိမ်းခြင်း မရှိသေးပဲ တရုတ်အစိုးရ ဘယ်လို တုံ့ပြန်လာမယ်ဆိုတာ စောင့်ကြည့်သွားမယ်လို့ ယုံကြည်ရပါတယ်။

#ရုရှား