ရှေ့သို့
Image

မန်ချက်စတာဒါဘီမတိုင်မီကတည်းက ပေါ်တူဂီကို ပြန်သွားခဲ့တဲ့ ရော်နယ်ဒို

10:41 AM, 7 March

မန်ချက်စတာယူနိုက်တက် ဝါရင့်တိုက်စစ်မှူးကြီး ခရစ္စတီယာနိုရော်နယ်ဒိုတစ်ယောက် တနင်္ဂနွေနေ့က မန်ချက်စတာဒါဘီမှာ သူမပါဝင်တာ သေချာခဲ့ပြီးနောက် ပေါ်တူဂီနိုင်ငံကို ပြန်သွားခဲ့တယ်လို့ သိရပါတယ်။ ၄-၁ ဆိုတဲ့ရလဒ်နဲ့ အရှက်တကွဲ ရှုံးပွဲကို ပြီးခဲ့တဲ့ ဇန်နဝါရီလက ၂ ပွဲလွဲခဲ့တဲ့ တင်ပါးကြွက်သား ဒဏ်ရာပြန်ဖြစ်ခဲ့တာကြောင့် နည်းပြရာ့ဖ်ရန်နစ်က ပေါ်တူဂီစူပါစတားကို လူစာရင်းကနေ ချန်လှပ်ခဲ့တာလည်း ဖြစ်ပါတယ်။

ကီဗင်ဒီဘရိုင်းနဲ့ ရီယက်ဒ်မာရက်ဇ်တို့က တစ်ယောက်နှစ်ဂိုးစီ သွင်းယူကာ မန်စီးတီးက မြို့ခံပြိုင်ဘက်ကို သက်သောင့်သက်သာနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် ပထမပိုင်းမှာတော့ ဂျေဒန်ဆန်ချိုက လှပတဲ့ ချေပဂိုး တစ်ဂိုးတော့ သိက္ခာဆယ်သွင်းယူနိုင်ခဲ့ပါတယ်။ ရော်နယ်ဒို မပါဝင်တာဟာ အသင်းတွင်း ပြဿနာတွေကြောင့်ဆိုပြီး ကောလဟာလတွေထွက်ခဲ့ပေမယ့် နည်းပြရန်နစ်ကတော့ ပွဲမကစားမီ ဒဏ်ရာကြောင့်ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

The Athletic ရဲ့ဖော်ပြချက်အရ ရော်နယ်ဒိုဟာ ပွဲကစားနေချိန်မှာ နိုင်ငံအတွင်းမှာတောင် မရှိတော့ပဲ စီးတီးနဲ့ပွဲကို မကစားရတာ သိသိချင်း သူ့ရဲ့ဇာတိပေါ်တူဂီနိုင်ငံကို ပြန်သွားခဲ့ပါတယ်။ အခုလို အရမ်းအရေးကြီးတဲ့ပွဲစဉ် ကစားရခါနီးမှ နိုင်ငံကနေပါ ထွက်ခွာသွားတာကြောင့် ယူနိုက်တက် အသင်းသားတွေတောင် အံ့သြနေကြတယ်လို့လည်း တစ်ချို့သတင်းတွေက ဖော်ပြကြပါတယ်။

ပွဲပြီးဆုံးချိန်မှာတော့ နည်းပြရန်နစ်က “ကျွန်တော့်ရဲ့ ဆေးအဖွဲ့ကို ယုံကြည်ပါတယ်၊ သောကြာနေ့မနက်ကပဲ ခရစ္စတီယာနိုထရိန်နင်ဆင်းလို့ မရကြောင်းနဲ့ သူ့ရဲ့တင်ပါးကြွက်သားမှာ ဒဏ်ဖြစ်နေကြောင်း အကြောင်းကြားပါတယ်။ စနေနေ့တုန်းကလည်း အတူတူပါပဲ”လို့ ပြောခဲ့ပါတယ်။

ရော်နယ်ဒိုအပြင် နောက်ထပ်ဝါရင့်တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ အက်ဒီဆင်ကာဗာနီကလည်း ဒဏ်ရာကြောင့် မပါဝင်နိုင်ပြန်တာကြောင့် ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ပေါလ်ပေါ့ဂ်ဘာနဲ့ ဘရူနိုဖာနန်ဒက်စ်တို့ကို အထောင်တိုက်စစ်မှာထားပြီး ၄-၂-၄ ကစားကွက်ကို အသုံးပြုခဲ့ရပါတယ်။ ဂျာမန်နည်းပြကြီးကတော့ ဒီကစားကွက်ကို ပြင်ဆင်ထားတာကြောင့် ရော်နယ်ဒိုအနေနဲ့ ကြံ့ခိုင်မှုပြည့်ဝနေရင်တောင်မှ ပါဝင်ဖို့မသေချာဘူးလို့ ပြောခဲ့ပါသေးတယ်။

ရန်နစ်က “ကျွန်တော်တို့ တတ်နိုင်သမျှ ဖန်တီးမှုတွေ ကစားကွက် အပြောင်းအလဲတွေ ပြုလုပ်နိုင်ဖို့အတွက် ဒီကစားကွက်ကိုပဲသုံးမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီကစားကွက်အရ အခုပွဲထွက်ခဲ့တဲ့ လူစာရင်းအတိုင်းပဲ ထွက်ရမှာပါ”လို့ ပြောခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရော်နယ်ဒို #ရန်နစ်