လူစားဝင်ကစားသမားတွေရဲ့ သွင်းဂိုးတွေနဲ့အတူ အယ်လ်ချီကို comebackနဲ့ ပြန်လည်အနိုင်ယူခဲ့တဲ့ ဘာစီလိုနာ
9:17 AM, 7 March
ဘာစီလိုနာ အသင်းဟာ ယမန်နေ့ညက အယ်လ်ချီကို လူစားဝင် ကစားသမားတွေရဲ့ ဂိုးတွေနဲ့အတူ comeback ပြန်လာနိုင်ခဲ့ပါတယ်။ ပထမပိုင်းအတွင်း ရှုံးနိမ့်နေခဲ့ပြီးနောက် ဘာကာနည်းပြ ဇာဗီဟာ ဖာရန် တောရက်စ်ကို ထည့်ကစားခဲ့ရပါတယ်။
တောရက်စ်တစ်ယောက် ဒီထက်ပိုဂိုးသွင်းနိုင်ခဲ့သင့်ပေမဲ့ အယ်လ်ချီဂိုးသမား ဘာဒီယာ လက်စွမ်းပြ ကာကွယ်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ မိနစ်၆၀မှာ တောရက်စ်က အကောင်းဆုံး အဆုံးသတ်နဲ့အတူ ဘာကာအတွက် ချေပဂိုး သွင်းယူခဲ့ပြီး ၈၄မိနစ်မှာ ဒီပေးက ပင်နယ်တီကနေ အနိုင်ဂိုးသွင်းခဲ့ကာ ဘာစီလိုနာကို အဆင့်၃နေရာ ပို့ဆောင်ပေးခဲ့ပါတယ်။
ဘာစီလိုနာ အသင်းဟာ နောက်ဆုံး ၆ ပွဲမှာ ၄ ပွဲကို ၁ပွဲ ၄ဂိုးစီ သွင်းခဲ့ကာ တိုက်စစ်မှူးသစ် အူဘာမီယန်းလည်း ၄ပွဲမှာ ဂိုးသွင်းနနိုင်ခဲ့ပေမဲ့ ယမန်နေ့ညကတော့ အယ်လ်ချီခံစစ်ကို ထိုးဖောက်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါကြောင့် ဇာဗီဟာ အူဘာမီယန်းကို ဒီပေးနဲ့ လူစားလဲခဲ့ပြီး အယ်လ်ချီကစားသမား ဘာရာဂန် ဧရိယာထဲ လက်ထိခဲ့တာကြောင့် ဘာကာတို့ ပင်နယ်တီရခဲ့ပြီး နယ်သာလန်သားက အပိုင်ကန်သွင်းကာ အသင်းကို ၃မှတ်ရစေခဲ့ပါတယ်။