ရီးရဲကိုမရွေးပဲ ဘာစီလိုနာကို ရွေးခဲ့တဲ့ ပါဘလို တိုရီ
4:06 PM, 6 March
ဘာစီလိုနာက အသစ်ခေါ်ယူထားတဲ့ ကစားသမားလေး ပါဘလိုတိုရီဟာ ရီးရဲမက်ဒရစ်ကိုမရွေးချယ်ပဲ ဘာစီလိုနာကို ရွေးချယ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။
ရေးဆင်းဆန်တန်နာအသင်းရဲ့ ကစားသမားကို ခေါ်ယူပြီးပြီဖြစ်ကြောင်း ဘာစီလိုနာအသင်းက သောကြာနေ့မှာ အသင်းရဲ့ တွစ်တာကနေတစ်ဆင့်ကြေညာလိုက်ပါတယ်။ သူ့ကို ကနဦးပြောင်းရွေ့ကြေး ယူရို ၅ သန်းနဲ့ ခေါ်ယူတာဖြစ်ပြီး ထပ်တိုးဆုကြေးငွေတွေနဲ့ဆိုလျှင် ယူရို သန်း ၂၀ လောက် ကျသင့်တာပဲ ဖြစ်ပါတယ်။ အရည်အသွေးရှိတဲ့ ဒီလူငယ် ကစားသမားလေးကို စပိန်အသင်းတွေတော်တော်များများကခေါ်ယူလိုနေတာပါ။
ဘာစီလိုနာနဲ့ အယ်ချီ မကစားခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ နည်းပြဇာဗီဟာနန်ဒက်စ်က တိုရီနဲ့ ပတ်သက်လို့
"သူဟာအခုဆိုရင် ဘာစီလိုနာကစားသမားပါ။ သူ့ကိုကျွန်တော်တို့ ခေါ်ယူဖို့ ကြိုးစားနေတာကြာပါပြီ။ သူကပင်ကို အရည်အသွေးကောင်းရှိသူပါ။
သူဟာကွင်းလယ်မှာရော တောင်ပံမှာရော ကစားနိုင်သူပါ။ ပြီးတော့ ခြေထောက်နှစ်ဖက်စလုံးကိုလဲ ကောင်းကောင်း အသုံးပြုနိုင်ပါတယ်။ "
"ကွင်းထဲမှာလဲ ကစားတာကောင်းပါတယ်။ ဘောလုံးဖန်တီးမှုလဲကောင်းသလို အလွတ်တည်ကန်ဘောတွေလဲ ကောင်းတယ်။ သူဟာငယ်ရွယ်သေးတယ် သူသာ စိတ်ရှိမယ်ဆိုရင် ဘာစီလိုနာမှာ နှစ်ရှည်ကစားဖို့ စွမ်းရည်သူ့မှာရှိတယ်။ "
"ပြီးတော့သူဟာဘောလုံးမိသားစုကလာပြီး အလွန်ပဲ နှိမ့်ချတတ်တဲ့ ကလေးပါ။ သူ့ကို အသင်းမှာ ခေါ်နိုင်တာ လက်ရှိမှာရောအနာဂတ်မှာပါကောင်းပါတယ်။ သူဟာ ပထမအသင်းမှာ ကစားရနိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒီမှာ အက်ဘီနဲ့ ဂျဂယ်လာတို့နဲ့ နေရာချင်းတော့တူနေပါတယ်။ သူကောင်းကောင်းမကစားရင် ဘီအသင်းမှာ ကစားရမှာပါ။"
လို့ ဇာဗီက ဆိုပါတယ်။ ကစားသမားက ဘာစီလိုနာကို ရွေးချယ်ခဲ့လို့ ဘာစီလိုနာက ပြိုင်ဘက်တွေထက် ဘာတွေပိုကမ်းလှမ်းခဲ့သလဲလို့ ဇာဗီကို မေးတဲ့ အခါမှာတော့
"ပါဘလိုတိုရီ ဘာစီလိုနာကို ဘာကြောင့်ရွေးချယ်သလဲဆိုတာကို သိချင်ရင် သူ့ကိုသွားမေးတာပိုကောင်းပါလိမ့်မယ်။ ကျွန်တော်က ကျွန်တော်တို့ အသင်းရဲ့ စနစ် ၊ ကျွန်တော်တို့အသင်းရည်မှန်းချက်တွေကို ရှင်းပြတာပါပဲ။ ဆုံးဖြတ်တာကသူပါ။ ကျွန်တော်တို့ လိမ်ညာလှည့်ဖျားထားတာမရှိပါဘူး။"
လို့ ဇာဗီက ဆိုပါတယ်။
ပါဘလိုတိုရီဟာ ရေးဆင်းဆန်တန်နာအသင်းမှာ ယခုရာသီ ၂၁ ပွဲကစားကာ ၆ ဂိုးသွင်း ၊ ၆ ကြိမ်ဂိုးဖန်တီးမှု ပြုလုပ်ထားတာပါ။
#ရီးရဲလ်မက်ဒရစ် #အယ်လ်ချီ ဘာစီလိုနာ #တိုရီ