ရှေ့သို့
Image

လီဗာပူးနဲ့ ဝက်စ်ဟမ်းပွဲကောင်းကင်မှာ Cats Lives Matter ဆိုတဲ့ စာတန်းပါ လေယာဉ်ပျံဝဲခဲ့

3:52 PM, 6 March

မနေ့ညက ကစားခဲ့တဲ့ လီဗာပူးနဲ့ဝက်စ်ဟမ်းပွဲစဉ် ပထမပိုင်း ကစားနေစဉ်အချိန်အတွင်း အန်ဖီးလ်ကွင်းရဲ့ ကောင်းကင်မှာ Cats Lives Matter ဆိုတဲ့ စာတန်းချိတ်ဆွဲထားတဲ့ လေယာဉ်တစ်စင်း ပျံဝဲသွားခဲ့တာကို မြင်တွေ့ခဲ့ကြရပါတယ်။ 

ပြီးခဲ့တဲ့လတုန်းက ဝက်စ်ဟမ်းနောက်ခံလူ ကာ့ထ်ဇူးမားဟာ သူ့ရဲ့အိမ်မွေးကြောင်လေးကို ရိုက်လိုက်ကန်လိုက် လုပ်နေတဲ့ ဗီဒီယိုကို ဇူးမားရဲ့ညီ ယိုအန်က Snapchat မှာ တင်ခဲ့ပြီးနောက် ဆိုရှယ်မီဒီယာမှာ ပြဿနာတစ်ခုအဖြစ် ပျံ့နှံ့သွားခဲ့ပါတယ်။ ဝက်စ်ဟမ်းဘက်ကနေ ခံစစ်မှူးရဲ့ အပြုအမူက လက်မခံနိုင်စရာဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ချက်ထုတ်ခဲ့ပေမယ့် နာရီပိုင်းအကြာမှာပဲ ဝက်ဖို့ဒ်နဲ့ပွဲကို ပွဲထွက်ကစားခဲ့တာကြောင့် ပြိုင်ဘက်အသင်း ပရိသတ်တွေက ဇူးမားကို အမျိုးမျိုး လှောင်ပြောင်ခဲ့ကြတာ ဖြစ်ပါတယ်။ 

ဇူးမားဟာ ဝက်စ်ဟမ်းကို ပြောင်းပြီးကတည်းက ပွဲတိုင်းလိုလို ကစားခွင့်ရခဲ့ပြီး ပြီးခဲ့တဲ့လက နယူးကာဆယ်နဲ့ ပွဲမှာဆိုရင် ပြိုင်ဘက်ပရိသတ်တွေက လိမ္မော်ရောင် လေမှုတ်ကြောင်ရုပ်တွေ ကိုင်ကာဇူးမားကို လှောင်ပြောင်ခဲ့ကြပါတယ်။ အဲ့ဒီလိုဖြစ်ပြီး ၃ ပတ်အကြာမှာပဲ အခုလိုမျိုး အန်ဖီးလ်ကွင်းပေါ်ကနေ “ CATS LIVES MATTER ” ဆိုတဲ့ စာတန်းနဲ့ ဇူးမားကို ထပ်မံလှေြင်ပြောင်ခဲ့ပြန်ပါတယ်။ အဆိုပါ အန်ဖီးလ်ကွင်းပေါ်က ဖြတ်ပျံခဲ့တဲ့ လေယာဉ်ရဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေဟာလည်း ဆိုရှယ်မီဒီယာမှာ ဝေမျှသူတွေ အများအပြား ရှိနေပါတယ်။

ဇူးမားရဲ့ အပြုအမူနဲ့ ပက်သက်ပြီး RSCPA ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးကတော့ “ စိတ်မကောင်းစရာ ဗီဒီယိုပါပဲ၊ တိရိစ္ဆာန်တွေကို ရိုက်ခွင့်၊ ကန်ခွင့် ဘယ်သူ့မှာမှ မရှိပါဘူး။ တစ်နည်းနည်းနဲ့တော့ ပြန်အပြစ်ပေးသင့်ပါတယ်။ ဒုက္ခရောက်နေတဲ့ တိရိစ္ဆာန်တွေအကြောင်းကို ကျွန်တော်တို့ တိုင်ချက်တွေ ပိုကြတဲ့အတွက်လည်း ဝမ်းသာမိပါတယ်။ လိုအပ်လာရင် တိရိစ္ဆာန်အခွင့်အရေးအတွက် ကျွန်တော်တို့ဆီကို အချိန်မရွေးတိုင်ကြားနိုင်ပါတယ်။ အဲ့ဒါဆိုရင် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်လို့ ရပါတယ် ” လို့ ပြောခဲ့ပါတယ်။ 


#ဇူးမား #လီဗာပူး #ဝက်စ်ဟမ်း