ရှေ့သို့
Image

ချန်ပီယံလိဂ်ဝင်ခွင့်မရရင် ကစားသမားခေါ်ဖို့ ခက်နိုင်တယ်လို့ ရန်းနစ်ဝန်ခံ

3:44 PM, 6 March

မန်ချက်စတာယူနိုက်တက် ယာယီနည်းပြကြီး ရာ့ဖ်ရန်နစ်က သူ့အသင်းသာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့မယ်ဆိုရင်တော့ ဒီနွေရာသီမှာ ကစားသမားသစ်တွေ ခေါ်ယူရာမှာ ပိုပြီးခက်ခဲသွားနိုင်တယ်လို့ ဝန်ခံခဲ့ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိအဆင့် ၄ နေရာအတွက် အပြိုင်ဖြစ်နေတဲ့ အသင်းတွေထဲမှာ ၂ ပွဲပိုကစားပြီး အမှတ်ကလည်း အနည်းငယ်သာ ကွာသာတာကြောင့် ဖိအားအများဆုံး ဖြစ်နေပါတယ်။ 

ဒါ့အပြင် ဒီရာသီချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပေမယ့် ပထမအကျော့မှာ လာလီဂါချန်ပီယံ အက်သလက်တီကိုမက်ဒရစ်နဲ့ ၁-၁ သရေရလဒ်သာ ရရှိထားပြီး ဒီလလယ်မှာ ဒုတိယအကျော့ကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ပြန်လည်ရင်ရဖို့ရှိနေပါတယ်။ ချန်ပီယံလိဂ် ချန်ပီယံဖြစ်မှသာ နောက်နှစ်ဝင်ခွင့်အတွက် အာမခံချက်ရှိမယ့် အခြေအနေလည်း ဖြစ်နေပါတယ်။

လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့် ၄ နေရာကို ရရှိထားသော်လည်း အချိန်မရွေး ပြုတ်ကျနိုင်ပြီး ဒီနေ့ညမှာ အဆင့် ၁ က မန်စီးတီးနဲ့ မန်ချက်စတာဒါဘီရှိနေပြန်ပါတယ်။ အဓိကပြိုင်ဘက်အသင်းတွေဖြစ်တဲ့ အာဆင်နယ်နဲ့ တော့တင်ဟမ်တို့ဟာ ယူနိုက်တက်ထက် ကစားထားတဲ့ပွဲ ပိုနည်းနေတာကြောင့် ယူနိုက်တက်အတွက် ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်က မရေမရာဖြစ်လာခဲ့ပါတယ်။ 

လာမယ့်ရာသီမှာသာ ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့ဘူးဆိုရင်တော့ နွေရာသီမှာ နည်းပြသစ်အတွက် ကစားသမားသစ်တွေ ခေါ်ယူရာမှာ ငွေနဲ့သာအဓိက ဆွဲဆောင်ရမလိုဖြစ်နေပါတယ်။ ရန်နစ်က “ ဘဏ္ဍာရေးက အားလုံးသိတဲ့အတိုင်း ဒီခေတ်မှာ ပိုပြီးအရေးကြီးလာတယ်၊ ဒါပေမယ့်လည်း တတ်နိုင်သမျှတော့ ပိုက်ဆံချွေတာနိုင်ဖို့လိုတယ်။ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရမယ်ဆိုရင်တော့ ကစားသမားတွေ၊ ဝန်ထမ်းတွေ အားလုံးအတွက် ပိုကောင်းမှာ သေချာပါတယ်။

ကစားသမားသစ် ခေါ်ယူရာမှာလည်း ပိုပြီးညှိနှိုင်းရလွယ်သွားမယ် ဒါပေမယ့် အခုအခြေအနေက ကျွန်တော်တို့နဲ့ပဲ ဆိုင်တယ်၊ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ဘာမဆိုလုပ်မှဖြစ်တော့မယ်။ ဒီနေ့ပွဲက အမှတ်ပေးဇယားရပ်တည်မှုအတွက် ဘယ်လောက်အရေးကြီးလဲဆိုတာ ကျွန်တော်တို့အားလုံး သိထားပါတယ်။ အသင်းသားတွေအတွက်၊ အသင်းအတွက်၊ ပရိသတ်တွေအတွက်၊ အားလုံးအတွက် တကယ့်ကို အရေးကြီးတဲ့ပွဲပါ။

ဒါဘီလည်း ဖြစ်တော့ ပိုပြီးပြိုင်ဆိုင်မှုပြင်းထန်တယ်၊ ဒီချိန်မှာ သူတို့အမှတ်လိုနေသလိုပဲ ကျွန်တော်တို့လည်း အမှတ်အရမ်းလိုနေတာပါ။ သူတို့က ချန်ပီယံဆုအတွက် လီဗာပူးကို အမှတ်ဖြတ်ဖို့ လိုနေသလို၊ ကျွန်တော်တို့ကလည်း ရာသီကုန်မှာ အဆင့် ၄ အတွင်းဝင်ဖို့ ကြိုးစားနေပါတယ်။ အဲ့ဒါကြောင့် ဒီပွဲက နှစ်သင်းစလုံးအတွက် အရမ်းအရေးကြီးတဲ့ ပွဲပါ ” လို့ ပြောသွားခဲ့ပါတယ်။ 

#မန်ချက်စတာယူနိုက်တက် #ချန်ပီယံလိဂ် #ရန်နစ်