ရှေ့သို့
Image

တိုက်စစ်မှုးရက်ချ်ဖို့ဒ်ရဲ့ ကစားပုံးတိုးတက်ဖို့ အစွမ်းကူညီသွားမယ်လို့ ဆိုလိုက်တဲ့ နည်းပြ ရန်းနစ်

11:22 AM, 6 March

တနင်္ဂနွေနေ့မှာတော့ အီသီဟက်ကွင်းကြီးဟာ ၁၈၇ ကြိမ်မြောက် မန်ချက်စတာဒါဘီကို လက်ခံကစားရမှာဖြစ်ပြီး ထိပ်ဆုံး ၄သင်းအတွင်းသို့ ဝင်ရောက်နိုင်ဖို့အတွက် ယူနိုက်တက်ဟာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ မန်စီးတီးနှင့် ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက အိမ်ကွင်းမှာ ဝက်ဖို့ဒ်နှင့် ဂိုးမရှိသရေကျခဲ့တာဖြစ်ပြီး အဆိုပါပွဲတွင် ဂိုးပေါက်ကန်သွင်းမှု ၂၂ ကြိမ်ရှိခဲ့သော်လည်း ဂိုးရရှိခဲ့ခြင်းမရှိပါဘူး။

စတားကစားသမားဖြစ်တဲ့ ရော်နယ်ဒိုကလည်း ၁၀ပွဲမှာ ၁ဂိုးသာသွင်းယူနိုင်ခဲ့တာဖြစ်သော်လည်း အသင်းအတွက် မကြာခင်မှာ ပြောင်းလဲမှုတွေရှိလာမယ်လို့ ရန်းနစ်က ယုံကြည်နေတာပါ။ လာမယ့်ရက်သတ္တပတ်တွေမှာ ကာဗာနီက ပြန်ပါလာဖို့ရှိနေပြီး ရက်ချ်ဖို့ဒ်ကလည်း ပြန်လည်ခြေစွမ်းပြသနိုင်မှာဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ ဂိုးသွင်းယူမှု ပြဿနာနှင့်ပတ်သက်ပြီး ရန်းနစ်က "ပြီးခဲ့တဲ့ ရက်သတ္တပတ် ၂ပတ် ဒါမှမဟုတ် ၂ လအတွင်း ဖြစ်ခဲ့တဲ့တာကို ဘယ်သူမှကြိုပြီးမသိနိုင်ခဲ့ပါဘူး"

"အခုတော့ အနည်းဆုံး ကာဗာနီပါဝင်နိုင်မှာဖြစ်ပြီး လာမယ့်ရက်သတ္တပတ်တွေမှာ ကျွန်တော်တို့အတွက် ရွေးချယ်စရာရှိလာမှာပါ။ ရက်ချ်ဖို့ဒ်ဟာဆိုရင် ကျွန်တော်တို့နှင့်အတူ ဆက်တိုက်ရှိနေခဲ့တာဖြစ်ပြီး တိုးတက်လာနေပြီဖြစ်ပါတယ်"

"သူ့မှာ အရည်အချင်းတွေရှိပါတယ်။ ခေတ်သစ်တိုက်စစ်မှုးတစ်ဦးအတွက် လိုအပ်တာတွေ သူ့မှာရှိပါတယ်။ တောင်ပံမှာကစားရသည်ဖြစ်စေ အလယ်မှာကစားရသည်ဖြစ်စေ ကိစ္စမရှိပါဘူး"

"အဲ့ဒီအတွက် သူ့ကိုကျွန်တော့်ရဲ့စွမ်းအင်တွေ ပေးပြီးသားပါ။ လွန်ခဲ့တဲ့ ၃ လတုန်းက အခြားကစားသမားတွေလုပ်ခဲ့သလိုမျိုး လုပ်နိုင်ဖို့ သူ့ကိုကူညီပေးသွားမှာပါ" လို့ ပြောပါတယ်။

ရန်းနစ်ရဲ့မှတ်ချက်ထဲမှာ မန်စီးတီးနှင့်ပွဲတွင် ရက်ချ်ဖို့ဒ်ပါဝင်လာနိုင်သော်လည်း ကာဗာနီကတော့ ပေါင်ခြံဒဏ်ရာကြောင့် ၅ ပွဲလောက် နားနေခဲ့ရပြီးနောက် အရန်လူစာရင်းမှာပဲ ပါဝင်လာဖို့ရှိနေပါတယ်။

"ဒဏ်ရာကနေပြန်သက်သာလာတာက ကောင်းပါတယ်။ တိုက်စစ်ပိုင်းမှာ နောက်ထပ်ရွေးချယ်ဖို့ ကစားသမားတစ်ဦးပိုလာတာပေါ့၊ ဒါပေမဲ့ သူက ရက်သတ္တပတ် ၃ ပတ်လောက် နားနေခဲ့ရတာပါ။ သူက မိနစ် ၃၀ ထက်ပိုပြီး ကစားနိုင်မယ်လို့တော့ ကျွန်တော်မထင်ပါဘူး"

"သူက ကစားဖို့အတွက် အဆင်သင့်ဖြစ်နေပြီး ပွဲထွက်ကစားသမားအဖြစ် ပါဝင်နိုင်ဖို့မရှိသော်လည်း အရန်ကစားသမားအဖြစ်တော့ပါဝင်နိုင်မှာပါ" လို့ ရန်းနစ်က ပြောပါတယ်။

ဒဏ်ရာကနေ ပြန်လည်သက်သာလာတဲ့ နောက်ထပ်ကစားသမားတစ်ဦးကတော့ တွန်မီနေးပဲဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် ကစားသမားဟာ အက်သလက်တီကိုမက်ဒရစ်နှင့် ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲကို အဖျားရောဂါကြောင် လွဲချော်လာတာဖြစ်ပြီး ဝက်ဖို့ဒ်နှင့်ပွဲမှာလည်း လွဲချော်ခဲ့ကာ ဒါဟာ ကွင်းလယ်ကစားသမားအတွက် တော်တော်လေး သက်ရောက်မှုရှိခဲ့ပါတယ်လို့ ရန်းနစ်က ပြောဆိုထားခဲ့ပါတယ်။

"သူဒဏ်ရာကင်းစင်နေဖို့က အရေးကြီးပါတယ်။ ရက်သတ္တပတ် တစ်ပတ်လုံး သူက လေ့ကျင့်ရေးမှာရှိနေတာပါ။ အပြင်းဖျားနေပြီး ခန္ဓာကိုယ်အလေးချိန်ကျခဲ့တာကြောင့် ရက်သတ္တပတ် ၁ ပတ်သာနားခဲ့တာပါ"

"သူက ပွဲထွက်စာရင်းမှာပါလာနိုင်သော်လည်း ကျွန်တော်တို့က နောက်ဆုံး လေ့ကျင့်ရေးပြီးတဲ့အချိန်မှာ ဆုံးဖြတ်မှာဖြစ်ပါတယ်" လို့ ရန်းနစ်က ပြောပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရက်ရှ်ဖို့ဒ် #ရန်းနစ်