ရှေ့သို့
Image

အယ်မီရွန်အပါအဝင် ကစားသမား ၇ ယောက်လောက် ရောင်းထုတ်မယ့် နယူးကာဆယ်

3:09 PM, 5 March

နည်းပြအက်ဒီဟိုဝီရဲ့ နယူးကာဆယ်အသင်းဟာ အသင်းကို ဒီနွေရာသီမှာ အကြီးစားပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ်သွားဖို့ရှိနေပါတယ်။ The Times သတင်းစာရဲ့ ဖော်ပြချက်အရ နယူးကာဆယ်ဟာ ကစားသမားတွေကို ရောင်းထုတ်မှုကနေ ပေါင်သန်း ၇၀ ခန့် ဝင်ငွေပြန်ရဖို့ မျှော်လင့်နေပြီး ဒီငွေနဲ့ ကစားသမားသစ်တွေကိုလည်း ပြန်လညခေါ်ယူသွားမှာလည်း ဖြစ်ပါတယ်။

လက်ရှိအသင်းရဲ့ အဓိကကစားသမားတွေဖြစ်တဲ့ မီဂွဲလ်အယ်မီရွန်၊ ဒွိုက်ဂေးလ်နဲ့ ဂျာမဲလ်လီဝစ်တို့ကို အရောင်းစာရင်းတင်ထားပြီး ဒီ ၃ ယောက်အတွက် ပေါင်သန်း ၅၀ ခန့် ရရှိမယ်လို့ ယုံကြည်နေပါတယ်။ အီဆက်ဟေဒန်နဲ့ ဆီရန်ကလက်ခ်တို့ကတော့ နယူးကာဆယ်ရဲ့ ၂၅ ယောက် ပရီးမီးယားလိဂ်လူစာရင်းကနေပါ ချန်လှပ်ခံနေရတာကြောင့် သေချာပေါက် အသင်းကနေ ထွက်ခွာဖို့ ရှိနေပါတယ်။ ဒါ့အပြင် အဓိကကစားသမားတွေပဲဖြစ်တဲ့ နောက်ခံလူ အီမေးလ်ခရက်ဖ်နဲ့ ဂိုးသမား ကားလ်ဒါလိုတို့အတွက် ကမ်းလှမ်းမှုတွေကိုလည်း နားစွင့်သွားမယ်လို့ သိရပါတယ်။

ရှောင်လောင်စတပ်ဖ်အတွက်တော့ နယူးကာဆယ်က စာချုပ်သစ်တစ်ခု ကမ်းလှမ်းဖို့ရှိနေပြီး နည်းပြဟိုဝီကလည်း ကစားသမားကို စာချုပ်သက်တမ်းတိုးလိုကြောင်း ပြောထားပါတယ်။ ကွင်းလယ်ကစားသမားကလည်း ရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံတော့မယ့် ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။

နည်းပြဟိုဝီက “ ကျွန်တော်ရှောင်ကို သဘောကျပါတယ်၊ ဒါပေမယ့် ကစားသမားရွေးချယ်မှုနဲ့ ပက်သက်လာရင်တော့ မထင်ထားတာမျိုးတွေလည်း လုပ်ရင်လုပ်ရတယ်။ အဲ့ဒါကအသင်းရဲ့ အကောင်းဆုံး လူစာရင်းကို ပွဲထုတ်နိုင်ဖို့အတွက်ပါပဲ၊ ဘရူနို(ဂူမာရေး)ဆိုရင်လည်း ကစားခွင့်သိပ်မရသေးပါဘူး ” လို့ ပြောခဲ့ပါတယ်။

နည်းပြဟိုဝီဟာ ဆွစ်ဇာလန်လက်ရွေးစင် ဖေဘီယန်ရှားကိုလည်း စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးလိုနေပါတယ်။ အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ အတွေ့အကြုံရင့်နောက်ခံလူရဲ့ စာချုပ်ကလည်း ပြီးခဲ့တဲ့ရာသီက တစ်နှစ်သက်တမ်းတိုးပါ ပြည့်တော့မှာဖြစ်လို့ နွေရာသီဆိုရင် သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။
#နယူးကာဆယ် #ဟိုဝီ