ရှေ့သို့
Image

ရုရှားရဲ့ ကျူးကျော်မှုကြောင့် စကော့တလန်နဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကို ရွှေ့ဆိုင်းပေးဖို့ ယူကရိန်း တောင်းဆို

11:23 AM, 4 March

ယူကရိန်း အသင်းဟာ မတ်လ ၂၃ရက်နေ့မှာ ကစားမယ့် စကော့တလန်နဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်ကို ရွှေ့ဆိုင်းပေးဖို့ ဖီဖာထံ တောင်းဆိုလိုက်ပါတယ်။ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ ပြီးခဲ့အပတ် ကြာသပတေးနေ့က ယူကရိန်းကို ကျူးကျော်ဖို့ စစ်တပ်ကို အမိန့်ပေးခဲ့ပြီးနောက် အရှေ့ဥရောပမှာ ဆိုးရွားတဲ့ စစ်ပွဲတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။

စကော့တလန်နဲ့ ယူကရိန်းပွဲစဉ်က အနိုင်ရတဲ့အသင်းအနေနဲ့ ဝေးလ် ဒါမှမဟုတ် ဩစတြီးယားနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး နိုင်ပွဲရတဲ့အသင်းက ယခုနှစ်ကုန်မှာ ကစားမယ့် ကာတာကမ္ဘာ့ဖလားပွဲကို ယှဉ်ပြိုင်ခွင့်ရရှိသွားမှာ ဖြစ်ပါတယ်။ ယူကရိန်း လက်ရွေးစင် အများစုဟာ မွေးရပ်မြေကလပ်တွေမှာပဲ ဘောလုံးကစားလေ့ရှိကြပြီး ယူကရိန်း ပရီးမီးယားလိဂ်ကို စစ်ပွဲကြောင့် ရပ်နားထားခဲ့ရပါတယ်။

ဖီဖာကတော့ ယူကရိန်းရဲ့ တောင်းဆိုချက်အပေါ် သင့်တော်တဲ့ အဖြေရှာဖို့ ယူအီးအက်ဖ်အေ၊ စကော့တလန် ဘောလုံးအဖွဲ့ချုပ်တို့နဲ့ ဆွေးနွေးလျက် ရှိနေပါတယ်။

ဖီဖာပြောရေးဆိုခွင့်ရှိသူက “ဖီဖာဟာ ယူကရိန်းမှာ ဖြစ်ပျက်နေတာတွေအပေါ် အလွန်ဝမ်းနည်းမိပြီး တစ်သားတည်းရှိကြောင်း ပြသလိုပါတယ်။ နောက်ထပ် updateတွေကိုတော့ ထပ်မံကြေညာပေးပါမယ်”လို့ ပြောခဲ့ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲဟာ နိုဝင်ဘာလ မတိုင်ခင်ထိ စတင်ဦးမှာ မဟုတ်ပေမဲ့ အုပ်စုမဲခွဲမှုကိုတော့ ဧပြီလ ၁ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။ စကော့တလန်နဲ့ ဩစတြီးယားတို့ဟာ ၁၉၉၈ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလား မကစားဖူးသလို ဝေးလ်ကလည်း ၁၉၅၈ခုနှစ်နောက်ပိုင်း မကစားခဲ့ဖူးပါဘူး။

ယူကရိန်းဟာ ၁၉၉၂ခုနှစ်မှာ ဖီဖာအဖွဲ့ဝင် ဖြစ်လာပြီး ၁၉၉၈ခုနှစ်မှာ ပါဝင်ယှဉ်ပြိုင်ခွင့် ရခဲ့ပေမဲ့ ၂၀၀၆ခုနှစ်မှာသာ ထပ်မံ ပြိုင်ဆိုင်ခွင့် ရခဲ့ပါတယ်။ ဒါပေမဲ့ ယူကရိန်းဟာ ယူရိုမှာတော့ ပုံမှန် ယှဉ်ပြိုင်ခွင့်ရပြီး ပြီးခဲ့တဲ့ နွေရာသီက အင်္ဂလန်ကို ကွာတားဖိုင်နယ်မှာ ရှုံးပြီး ထွက်ခဲ့ရပါတယ်။

#ကမ္ဘာ့ဖလားခြေစစ်ပွဲ #ယူကရိန်း #စကော့တလန် #ရုရှား