ရှေ့သို့
Image

ခရစ္စတီယန်ဆန်၊ ကက်ဆီ တို့ကို အလွတ်နဲ့ ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းနေတဲ့ ဘာစီလိုနာ

9:58 AM, 4 March

များပြားလှတဲ့သတင်းတွေကို ကိုးကားပြီး ESPN သတင်းဌာနက ဘာစီလိုနာ အသင်းဟာ စာချုပ်သက်တမ်း ကုန်တော့မယ့် ချဲလ်ဆီးနောက်ခံလူ ခရစ္စတီယန်ဆန်နဲ့ အေစီမီလန်ကွင်းလယ်လူ ကက်ဆီတို့ကို အလွတ်နဲ့ခေါ်ယူဖို့ ဆွေးနွေးနေတာ အခြေအနေကောင်းနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

သတင်းတွေက ဘာစီလိုနာဟာ ချဲလ်ဆီးနောက်ခံလူ အက်စ်ပီလီကျူတာကိုလည်း ခေါ်ယူနိုင်ဖို့အတွက် အကောင်းမြင်နေတယ်လို့ ဖော်ပြခဲ့ကာ စပိန်သားရဲ့စာချုပ်သက်တမ်းက လပိုင်းသာ ကျန်တော့တာဖြစ်ပါတယ်။ ခရစ္စတီယန်ဆန် ဒါမှမဟုတ် ကက်ဆီတို့နဲ့ သဘောတူညီမှုမရသေးပေမယ့် နီးစပ်တဲ့သတင်းတွေအရ  ၂ ဦးစလုံးနဲ့ ဆွေးနွေးမှုအဆင်ပြေနေတယ်လို့ ဖော်ပြခဲ့ပြီး လာမယ့်ရာသီ ဘာစီလိုနာ ပြောင်းလာဖွယ်ရှိနေပါတယ်။

ဆွေးနွေးမှုတွေဟာ ဇန်နဝါရီအပြောင်းအရွှေ့ကတည်းက နီးစပ်ခဲ့တာဖြစ်ပြီး ဖြစ်နိုင်သမျှ မြန်မြန်ဆန်ဆန် အပြီးသတ်နိုင်ဖို့ မျှော်လင့်နေပါတယ်။ ဘာစီလိုနာဟာ ခရစ္စတီယန်ဆန် ၊ အက်စ်ပီလီကျူတာနဲ့ ကက်ဆီတို့ကို အလွတ်နဲ့ခေါ်ယူဖို့ ပစ်မှတ်ထားနေကာ အခြားတစ်ဖက်မှာတော့ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူဖို့အတွက် ငွေကြေးချန်ဖို့ အလိုရှိနေတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်လောက်တုန်းက ဘာစီလိုနာဟာ ခရစ္စတီယန်ဆန်ကို အငှားနဲ့ခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးတာဖြစ်ကာ အဲ့ကတည်းက အနီးကပ်စောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကလပ်တွေကလည်း ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ပြင်ဆင်ခဲ့ပေမယ့် ချဉ်းကပ်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ပယ်ချခံခဲ့ရတယ်လို့ သိရပါတယ်။

ချဲလ်ဆီးက စာချုပ်သစ် ချုပ်ဆိုနိုင်မယ်လို့ တွေးထင်နေပေမယ့် ခရစ္စတီယန်ဆန်ဟာ ငြင်းဆန်ထားကာ ပိုကောင်းတဲ့ စာချုပ်ကို အလိုရှိနေပါတယ်။ နီးစပ်တဲ့သတင်းတွေအရ ချဲလ်ဆီးဟာ ခရစ္စတီယန်ဆန် နဲ့ အက်စ်ပီလီကျူတာတို့ကို စာချုပ်သစ် အမြန်ချုပ်ဆိုနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ခရစ္စတီယန်ဆန်ကို ဘိုင်ယန်ကလည်း ကမ်းလှမ်းထားကာ သတင်းတွေက ကစားသမားဟာ ဘာစီလိုနာရဲ့ကမ်းလှမ်းမှုကို ပိုသဘောကျနေတယ်လို့ ဖော်ပြခဲ့ပါတယ်။  အသက် ၂၅ နှစ်သားဟာ ချဲလ်ဆီးမှာ ၁၀ နှစ်ကြာ ဖြတ်သန်းခဲ့တာဖြစ်ပြီး အဲ့ထဲက ၂ နှစ်ကို မိုချန်ဂလာဘတ်မှာ အငှားထွက်ကစားခဲ့ရကာ ၂၀၁၇ နောက်ပိုင်း ချဲလ်ဆီးအတွက် ပါဝင်ကစားပေးခဲ့ပြီး ၁၅၃ ပွဲ ပါဝင်ကစားထားပါတယ်။

ကက်ဆီကတော့ ၂၀၁၇ နောက်ပိုင်း မီလန်အတွက် ပွဲပေါင်း ၂၀၀ ကျော် ပါဝင်ကစားပေးထားကာ ကွင်းလယ်မှာ ဒီဂျောင် နဲ့ ဘက်စ်ကွက်တို့အပြင် ပီဒရီ၊ ဂါဗီ နဲ့ ဂွန်ဇာလက်ဇ်တို့ရှိနေတာကြောင့် ကက်ဆီရောက်လာတာက ရွေးချယ်စရာပိုများနိုင်တာဖြစ်ပါတယ်။

#ဘာစီလိုနာ #ချဲလ်ဆီး #အေစီမီလန် #အပြောင်းအရွှေ့ #ခရစ္စတီယန်ဆန် #ကက်ဆီ