ရှေ့သို့
Image

ပရီးမီးယားလိဂ်ရဲ့ ဖေဖော်ဝါရီလ တစ်လတာ အကောင်းဆုံးနည်းပြဆု လျာထားစာရင်းထွက်ပေါ်လာ

9:17 AM, 4 March

ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးနည်းပြဆု အတွက် လျာထားစာရင်းထွက်ပေါ်လာခဲ့ပြီဖြစ်ကာ အဆိုပါစာရင်းထဲမှာ အာဆင်နယ်အသင်းနည်းပြ အာတီတာ၊ ဆောက်သမ်တန်နည်းပြ ဟက်ဆန်ဟက်တယ်၊ နယူးကာဆယ်နည်းပြ ဟိုဝီ နဲ့ လီဗာပူးနည်းပြ ကလော့ပ်တို့ ပါဝင်လာပါတယ်။

ပရိသတ်တွေအနေနဲ့ ကိုယ့်ကြိုက်နှစ်သက်တဲ့သူကို မဲပေးနိုင်မှာဖြစ်ပြီး လာမယ့်အပတ်မှာ ဘယ်သူ ဆုရတယ်ဆိုတာကို ကြေညာမှာဖြစ်ပါတယ်။ အာဆင်နယ်နည်းပြ အာတီတာက ဖေဖော်ဝါရီလမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲစလုံးကို အနိုင်ရရှိခဲ့ပြီး ရှုံးပွဲ နဲ့ သရေပွဲမရှိခဲ့ကာ ဥရောပဝင်ခွင့်အတွက် ဝုဗ်ကို ၂ ကျော့ အနိုင်ရရှိခဲ့သလို ဘရန့်ဖို့ဒ်ကိုလည်း အိမ်ကွင်းမှာ ၂-၁ ဂိုးနဲ့ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် အခုလျာထားစာရင်းမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။

ဆောက်သမ်တန်နည်းပြ ဟက်ဆန်ဟက်တယ်ကတော့ ပရီးမီးယားလိဂ် ၄ ပွဲမှာ ၃ ပွဲနိုင် ၁ ပွဲသရေ ရှုံးပွဲမရှိပဲ အဆိုပါနိုင်ပွဲ ၃ ပွဲထဲမှာ တော့တင်ဟမ်ကို ၃-၂ ဂိုးနဲ့ အနိုင် ရရှိခဲ့တဲ့ပွဲ ပါဝင်ခဲ့သလို ယူနိုက်တက်ကိုလည်း ၁-၁ သရေကန်နိုင်ခဲ့ပါတယ်။

နယူးကာဆယ်နည်းပြ ဟိုဝီကလည်း ပရီးမီးယားလိဂ်နောက်ဆုံး၄ ပွဲမှာ ၄ ပွဲစလုံးအနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး စက်တင်ဘာလနောက်ပိုင်း ရမှတ် ၁၂ မှတ်ကနေ ၁၀ မှတ်အထိ ရယူနိုင်ခဲ့တာကြောင့် အခုလျာထားစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။

လီဗာပူးနည်းပြ ကလော့ပ်ကတော့ ဖေဖော်ဝါရီလမှာ ကစားခဲ့တဲ့ ၄ ပွဲစလုံးကို အနိုင်ရရှိခဲ့ပြီး ၁ ပွဲ အသာရနေတဲ့ မန်စီးတီးနဲ့ ၆ မှတ်အကွာကို ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အဆိုပါ ၄ ပွဲထဲမှာ လိဒ်ယူနိုက်တက်ကို ၆ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲလည်း ပါဝင်နေပါတယ်။

#အာတီတာ #ကလော့ပ် #ဟိုဝီ #ဟက်ဆန်ဟက်တယ်