ရှေ့သို့
Image

ချဲလ်ဆီး အသင်းကို ဝယ်ယူဖို့ စိတ်ဝင်စားနေကြောင်း ယူနိုက်တက် ပရိသတ် မက်ဂရီဂေါ် ဖွင့်ဟလာ

11:38 AM, 3 March

ယူနိုက်တက်ပရိသတ် ကော်နာ မက်ဂရီဂေါ်က ချဲလ်ဆီး အသင်းကို ဝယ်ယူရန် စိတ်ဝင်စားနေတဲ့အကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

အေဘရာမိုဗစ်ချ်နဲ့ ချဲလ်ဆီးအသင်းကြား အခြေအနေကို အတိအကျ မသိရသေးပေမဲ့ DailyMailကတော့ ဗြိတိန်အစိုးရက အေဘရာမိုဗစ်ချ်အပေါ် ပိတ်ဆို့မှုတွေ ပြုလုပ်လာမှာ စိုးရိမ်တဲ့အတွက် အသင်းကို အလျင်အမြန်ရောင်းချဖို့ စီစဉ်လာခဲ့တာလို့ သိရပါတယ်။ အေဘရာမိုဗစ်ချ်ဟာ မကြာသေးမီကမှ ကမ္ဘာ့ချန်ပီယံဖြစ်ထားတဲ့ ချဲလ်ဆီးအသင်းကို ပေါင် ၃ဘီလီယံဝန်းကျင်နဲ့ ရောင်းချလိုနေတယ်လို့လည်း ဆိုပါတယ်။

ရုရှား-အစ္စရေး ဘီလျံနာဟာ အမေရိကန်ဘဏ် ရိန်းဂရုကို ချဲလ်ဆီးအသင်းကို ရောင်းချရန် တာဝန်ပေးထားခဲ့ပြီး နိုင်ငံရေးဆက်နွယ်မှု သိပ်မရှိတဲ့ တရုတ်နိုင်ငံ၊ ဥရောပအရှေ့ပိုင်းတို့မှာ ပြောင်းလဲရင်းနှီးရန် ကြိုးစားနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ တွစ်တာမျာတော့ ယူအက်ဖ်စီစူပါစတား ကော်နာ မက်ဂရီဂေါ်က Whatsappမှာ ချဲလ်ဆီးကို ပေါင် ၃ဘီလီယံနဲ့ ရောင်းချဖို့ ရှိနေပြီး ဝယ်ယူသင့်တယ်လို့ တစ်ယောက်က အကြံပေးထားတဲ့ပုံကို တင်ခဲ့ပါတယ်။

အဆိုပါ ဓာတ်ပုံနဲ့အတူ မက်ဂရီဂေါ်က “ကျွန်တော် ချဲလ်ဆီးကို ဝယ်ဖို့ စုံစမ်းကြည့်လိုပါတယ်”ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ထားခဲ့ပါတယ်။ မက်ဂရီဂေါ်လို ယူနိုက်တက်အမာခံပရိသတ်တစ်ဦးက ချဲလ်ဆီးအသင်းကို ဝယ်ယူရန် စိတ်ဝင်စားမှုက စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။

မက်ဂရီဂေါ်ဟာ ယခင်ကဆိုရင် ယူနိုက်တက်ကိုတောင် ဝယ်ယူဖို့ စိတ်ဝင်စားခဲ့ဖူးပြီး ယခု တကယ်ဝယ်ဖို့ တတ်နိုင်လားဆိုတာကတော့ မေးခွန်းထုတ်စရာတစ်ခု ဖြစ်နေခဲ့ပါတယ်။ ၃၃နှစ်သားဟာ ယူအက်ဖ်စီ လက်ဝှေ့ပွဲတွေမှာ ပရိသတ်ကြည့်ရှုမှုနှုန်းနဲ့ ပတ်သက်ပြီး ဝင်ငွေ ပေါင် ၂၅သန်းကနေ သန်း၅၀ကြား ရရှိနေခဲ့ပါတယ်။

အလားတူ မက်ဂရီဂေါ်ရဲ့ No12 ဝီစကီကလည်း ယမန်နှစ်က ပေါင် သန်း၄၃၀ ဝင်ငွေရခဲ့ကာ ၃၃နှစ်သားရဲ့ ဝင်ငွေအကောင်းဆုံး အလုပ် ဖြစ်နေခဲ့ပါတယ်။

#ချဲလ်ဆီး #အေဘရာမိုဗစ်ချ် #မက်ဂရီဂေါ်