ရှေ့သို့
Image

အေဘရာမိုဗစ်ချ် မရှိတဲ့ ချဲလ်ဆီးအကြောင်း မစဉ်းစားရဲသေးဘူးလို့ တူချယ် ဝန်ခံ

9:06 AM, 3 March

သောမက်စ် တူချယ်က အသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ်မရှိတော့တဲ့ ချဲလ်ဆီးအသင်းအကြောင်းကို စတင်စဉ်းစားနိုင်ခြင်း မရှိသေးဘူးလို့ ဝန်ခံခဲ့ပါတယ်။

ရုရှား-အစ္စရေး ဘီလျံနာ အေဘရာမိုဗစ်ချ်က ယမန်နေ့ညမှာ ချဲလ်ဆီးအသင်းကို အရောင်းစာရင်းတင်လိုက်ပြီး ယခုဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲချခဲ့ရတယ်လို့ ဝန်ခံခဲ့ပါတယ်။ ၅၅နှစ်ဟားဟာ ၂၀၀၃ခုနှစ်ကတည်းက ချဲလ်ဆီးကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပြီး အသင်းကို ဆုဖလား ၁၉ကြိမ်ထိ ရရှိအောင် ကူညီစွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ယူကရိန်းကို ရုရှားရဲ့ ကျုးကျော်မှုနဲ့အတူ ဖိအားတွေ များလာတာကြောင့် အေဘရာမိုဗစ်ချ်ရဲ့ ချဲလ်ဆီးပိုင်ရှင်ဘ၀က အဆုံးသတ်ဖို့ နီးစပ်လာပြီး အခြားဘီလျံနာတွေရဲ့ စိတ်ဝင်စားမှုတွေလည်း လူသိရှင်ကြား ဖြစ်လာခဲ့ပါတယ်။ ဆွစ်ဇာလန်ဘီလျံနာ ဝိုက်စ်နဲ့ အမေရိကန်ရင်းနှီးမြုပ်နှံသူ တော့ ဘိုဟီတို့ဟာ ချဲလ်ဆီးအသင်းကို ကမ်းလှမ်းဖို့ အတူတကွ စီစဉ်နေကြောင်း သတင်းတွေက ဆိုပါတယ်။

ချဲလ်ဆီးကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေဟာ အေဘရာမိုဗစ်ချ်ရဲ့ ဆုံးဖြတ်ချက်ကို ယမန်နေ့ည လူတန်ကို နိုင်ပွဲအပြီးမှာ သိရှိခဲ့ရပါတယ်။ တူချယ်ကိုယ်တိုင်လည်း ယခုလို ကြီးမားတဲ့ အပြောင်းအလဲတွေအပေါ် လက်ခံနိုင်ဖို့ အချိန်ပေးရဦးမယ်လို့ ဝန်ခံခဲ့ပါတယ်။

တူချယ်က “ချဲလ်ဆီးကို အေဘရာမိုဗစ်ချ်နဲ့ပဲ တွဲမြင်ခဲ့တာကြောင့် အခု အပြောင်းအလဲအကြောင်း ပြောဖို့ အရမ်းစောပါသေးတယ်။ ဒါကြောင့် ခုလိုဖြစ်လာတာ ကျွန်တော့်အတွက် အလွန်ခက်ခဲပြီး ဒါကတကယ်လည်း တကယ်ကို အကြီးမားဆုံး အပြောင်းအလဲကြီးပါ”“လူတန်နဲ့ပွဲအပြီး ကျွန်တော်တို့ အဲ့ဒီအကြောင်း မပြောဖြစ်ခဲ့ကြပါဘူး။ အဲ့ဒီအကြောင်း မပြောခဲ့ပဲ ဖြစ်လာတဲ့ အခြေအနေကို လက်ခံခဲ့ပါတယ်။ ကစားသမားတွေမှာလည်း အင်တာနက်တွေရှိတယ်၊ တီဗီမှာ လာနေတာတွေကြောင့် သူတို့လည်း သိသလို မက်ဆေ့တွေလည်း ရပါတယ်။ ဒါပေမဲ့ အခုတော့ ကျွန်တော်တို့ အားကစားဆိုင်ရာ ပြင်ဆင်မှုတွေအပေါ်မှာပဲ အာရုံစိုက်ထားပါတယ်”

“တစ်ချို့ ကစားသမားတွေအတွက် ဒါကရိုက်ခတ်မှု ကြီးမားမယ်။ တစ်ချို့က မကြီးမားဘူး။ ဒါပေမဲ့ နောက်ဆုံးမှာ ကျွန်တော်တို့ ပွဲအပေါ်နဲ့ နိုင်ပွဲရဖို့ အရေးကြီးတဲ့ အရာတွေအပေါ်မှာပဲ အာရုံစိုက်ရပါမယ်။ ကျွန်တော် ဒီအကြောင်းပြောဖို့ မလိုဘူးလို့ ထင်ပြီး ခင်ဗျားတို့ထင်သလို အများကြီးလည်း မသိထားပါဘူး။ ကျွန်တော်တို့က ဘုတ်အဖွဲ့က စီအီးအိုလည်း မဟုတ်တာကြောင့် ကလပ်က အဲ့ဒီအကြောင်း ကျွန်တော်နဲ့ ကစားသမားတွေကို ပြောပြမယ်ဆိုတာ သေချာပါတယ်”

“ကျွန်တော်က ကောင်းမွန်တဲ့နေရာတစ်ခုမှာ ရှိနေတာကြောင့် ကျွန်တော် အဲ့ဒီအကြောင်း သိပ်စိတ်မပူပါဘူး။ ကျွန်တော် အဲ့ဒီလို မဖြစ်ဖို့ မျှော်လင့်နေသေးပြီး အကောင်းဆုံးဖြစ်မယ်လို့ ယုံကြည်ထားပါတယ်။ ကျွန်တော် မထိန်းချုပ်နိုင်တဲ့ အရာတွေအတွက် ကျွန်တော်က သိပ်စိတ်ပူတတ်သူ ၁ဦး မဟုတ်ပါဘူး”“ဒါကကြီးမားတဲ့ သတင်းတစ်ခုဖြစ်ပြီး ကြီးမားတဲ့ ပြောင်းလဲမှု ဖြစ်ပေမဲ့ ကျွန်တော်က အပြောင်းအလဲလုပ်ရမှာ ကြောက်ရွံ့တတ်သူ မဟုတ်ပဲ ထိန်းချုပ်နိုင်တဲ့ အရာတွေအပေါ်မှာပဲ အာရုံစိုက်သွားပါမယ်”လို့ ပြောခဲ့ပါတယ်။

#ချဲလ်ဆီး #တူချယ် #အေဘရာမိုဗစ်ချ်