ရှေ့သို့
Image

တစ်ခွန်းမှမဟတဲ့ ရုရှားလက်ရွေးစင်အသင်းကို ပေါက်ကွဲခဲ့တဲ့ အဲဗာတန်နောက်ခံလူ မိုင်ကိုလန်ကို

12:44 PM, 2 March

အဲဗာတန်ဘယ်နောက်ခံလူ ဗစ်တာလီမိုင်ကိုလန်ကိုကတော့ ယူကရိန်းကို ကျူးကျော်ဖို့အမိန့်ပေးခဲ့တဲ့ ဗလာဒီမာပူတင်ရဲ့ လုပ်ရပ်ကို တစ်ခွန်းမှမဖွင့်ဟတဲ့ ရုရှားလက်ရွေးစင်အသင်းသားတွေကို ဒေါသတကြီး ဝေဖန်ခဲ့ပါတယ်။ ရုရှားဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတည်းက ယူကရိန်းနိုင်ငံကို ကျူးကျော်ခဲ့တာဖြစ်ပြီး ရုရှားနိုင်ငံမှာတော့ တရားသောစစ်လိုလိုဘာလိုလိုနဲ့ ဝါဒဖြန့်လျက်ရှိပါတယ်။ 

ပြီးခဲ့တဲ့ပိတ်ရက် ပွဲစဉ်တွေမှာလည်း ပရီးမီးယားလိဂ်ကလပ်တွေဟာ ယူကရိန်းဘက်က ရပ်တည်ကြောင်း ဖော်ပြခဲ့ကြသလို စနေနေ့က အဲဗာတန်နဲ့ မန်စီးတီးပွဲမှာ မိုင်ကိုလန်ကို၊ ဇင်ချန်ကိုစတဲ့ ယူကရိန်းကြယ်ပွင့် ကစားသမားတွေဟာလည်း အသင်းဖော်တွေနဲ့အတူ ယူကရိန်းနိုင်ငံအလံကို လွှမ်းခြုံကာ ကွင်းထဲဝင်ခဲ့ကြပါတယ်။ 

ဒါပေမယ့် မိုင်ကိုလန်ကိုလည်း ပြီးခဲ့တဲ့အပတ်က အင်စတာဂရမ်ကနေ ပူတင်းကို ပေါက်ကွဲခဲ့တဲ့ ယူကရိန်းအသင်းဖော် ဇင်ချန်ကိုနည်းတူ ရုရှားအကြောင်းကို ဒေါသတကြီး ပေါက်ကွဲခဲ့ပါတယ်။ ၂၂ နှစ်အရွယ် ကစားသမားက သူ့ရဲ့အင်စတာဂရမ်မှာ ရုရှားအသင်းခေါင်းဆောင် အာတမ်ဇူးဘားနဲ့ ခ**ဦးနှောက်အသင်းဖော်တွေဆိုပြီး ပူတင်ရဲ့ ကျူးကျော်စစ်ကို တစ်ခွန်းမှမဟတဲ့အတွက် ဝေဖန်ခဲ့ပါတယ်။ ဒါ့အပြင် မင်းတို့ကောင်တွေ တစ်သက်လုံး ထောင်ထဲမှာပဲနေရမယ်ဆိုပြီးတော့လည်း ဖြစ်ခဲ့ပါတယ်။ 

ဒီဇန်နဝါရီကမှ ဒိုင်နမိုကိဗ်ကနေ အဲဗာတန်ကို ရောက်ရှိခဲ့တဲ့ မိုင်ကိုလန်ကို ဇူးဘားကို ရည်ရွယ်ကာ “ မင်းနဲ့မင်းရဲ့ ခ**ဦးနှောက်အသင်းဖော်တွေ ပါးစပ်ပိတ်နေသရွေ့ ယူကရိန်းက အပြစ်ကင်းတဲ့သူတွေ ဆက်သေအုံးမှာဘဲ မင်းတို့အားလုံး  တစ်သက်လုံးထောင်ကျနေအုံးမှာ။ အထူးသဖြင့် အရေးပါဆုံးက မင်းတို့ကလေးတွေရဲ့ ဘဝတွေဘဲ။ ငါဝမ်းသာတယ် ” ဆိုပြီး ပြောခဲ့ပါတယ်။ 

မကြာသေးမီကမှ ကာတာကမ္ဘာ့ဖလားခြေစစ်ပွဲ ကစားမယ့် ဇူးဘားဦးဆောင်တဲ့ ရုရှားအသင်းကို ပိုလန်၊ ဆွီဒင်နဲ့ ချက်ဇ်အသင်းတွေက မကစားလိုကြောင်း ထုတ်ပြန်ခဲ့တာကြောင့် ဖီဖာက ရုရှားအသင်းကို ပြိုင်ပွဲကနေ ထုတ်ပယ်ခဲ့ပါတယ်။ ဇင်ချန်ကို၊ မိုင်ကိုလန်ကိုနဲ့ ယာမိုလန်ကိုတို့ကို ပရိသတ်တွေ၊ အသင်းဖော်တွေနဲ့ နည်းပြတွေက အားပေးခဲ့ကြသလို သူတို့ကိုယ်တိုင်ကလည်း ယူကရိန်းပြည်သူတွေကို ဗီဒီယိုမက်ဆေ့ဂျ်တွေနဲ့ အားပေးခဲ့ကြပါတယ်။ 


#အဲဗာတန် #ယူကရိန်း #ရုရှား #မိုင်ကိုလန်ကို