ရှေ့သို့
Image

ပင်နယ်တီ လွဲခဲ့တဲ့ ချစ်သူ ကီပါကို အားပေးစကားပြောခဲ့တဲ့ စပိန်အလှမယ်

3:06 PM, 1 March

တနင်္ဂနွေညက ကာရာဘောင်ဖလားဖိုင်နယ်မှာ ပင်နယ်တီလွဲချော်ခဲ့တာကြောင့် လီဗာပူးကို ရှုံးနိမ့်ခဲ့ပြီးနောက်မှာ ချဲလ်ဆီးဂိုးသမား ကီပါအာရီဇာဘလာဂါကို သူ့ရဲ့ချစ်သူစပိန်အလှမယ် အန်ဒရီယာမာတီနက်ဇ်က အားပေးမက်ဆေ့ဂျ်လေးတစ်ခု ရေးသားခဲ့ပါတယ်။

သြဂုတ်လတုန်းက ချဲလ်ဆီးအသင်း ရရှိခဲ့တဲ့ UEFA စူပါဖလားမှာ ကီပါဟာ ဂိုးသမားအက်ဒွာမန်ဒီအစား လူစားဝင်ပြီး အဆုံးအဖြတ်ပင်နယ်တီမှာ လက်စွမ်းပြကာကွယ်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ အဲ့ဒီလိုလူစားလဲခံခဲ့ရပေမယ့်လည်း မန်ဒီကတော့ ဒေါသထွက်တာ မခံချင်တာမျိုး ပြသခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့် လီဗာပူးနဲ့ပွဲမှာတော့ ကီဗာတစ်ယောက် ပင်နယ်တီ ၁၀ လုံးစလုံးကိုမကာကွယ်နိုင်သလို ပြိုင်ဘက်ဂိုးသမား ကယ်လယ်ဟာရဲ့ ကန်ချက်ကိုလည်း ဂိုးပေးလိုက်ရပါတယ်။

ဒါပေမယ့် ကီပါရဲ့ကန်ချက်ကတော့ အံ့အားသင့်ဖွယ်လွဲချော်ခဲ့ပြီး လီဗာပူးအသင်းကို ၉ ကြိမ်မြောက် လိဂ်ဖလားပေးလိုက်ရပါတော့တယ်။ ပြီးခဲ့တဲ့လကမှ သူတို့နှစ်ဦးတွဲနေကြောင်းကို တရားဝင် ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် Miss Universe Spain Winner အန်ဒရီယာမာတီနက်ဇ်ဟာ သူမရဲ့နာမည် ကျောနံပါတ်တို့ ပါဝင်တဲ့ ချဲလ်ဆီးဂျာစီနဲ့အတူ ကီပါကို ဝင်ဘလေကွင်းကြီးထဲထိ လာရောက်အားပေးခဲ့ပါတယ်။

ပွဲပြီးတဲ့နောက်မှာ “အခြေအနေက မမျှတပါဘူး၊ ပရိသတ်အစစ်အမှန်တွေသာ သဘောထားကြီးပေးနိုင်လိမ့်မယ်”ဆိုပြီး ချစ်သူကို အင်စတာဂရမ်ကနေ အားပေးချီးကျူးခဲ့ပါတယ်။

ဘတ်စကတ်ဘောလည်း ကစားခဲ့ဖူးတဲ့၂၇ နှစ်အရွယ် အလှမယ်ဟောင်းက “ဘတ်စကတ်ဘော ကစားသမားဘဝမှာ သင်ယူနိုင်ခဲ့တာတွေထဲက တစ်ခုက အသင်းတစ်သင်းဆိုတာ အမြဲတမ်းအသင်းစိတ်ဓာတ် ရှိနေရပါမယ်။ သူရဲကောင်းရော၊ ဗီလိန်ရော မရှိပါဘူး။ ကျွန်မတစ်ယောက်တည်း အမြင်အရတော့ လုံးဝမမျှတတဲ့ အခြေအနေတစ်ခုပါ။ ဒီနေ့တစ်ရက်တည်းကို ပြောတာမဟုတ်ဘူး။ ပရိသတ်အစစ်အမှန်တွေဆိုတာ ဒီနေ့လိုနေ့မျိုးမှာ မေတ္တာအစစ်အမှန်ကိုပြသနိုင်ရမှာပါ၊ နိုင်မှချစ်တာမျိုး မဖြစ်သင့်ပါဘူး။ ကီပါ ရှင့်အတွက်အရမ်းဂုဏ်ယူတယ်။ ဂိုးသမားတစ်ယောက်အနေနဲ့ရော၊ သာမန်လူတစ်ယောက်အနေနဲ့ပါ ရှင်ကကျွန်မအတွက် ဂုဏ်အယူရဆုံးသူပဲ။ နှိမ့်ချတတ်တယ်၊ တော်တယ်၊ ကြင်နာတယ်၊ သဘောကောင်းတယ်၊ ဉာဏ်ကောင်းတယ်၊ အလုပ်ကြိုးစားတယ်၊ ပါရမီကောင်းတယ် ရှင့်လောက်စိတ်ထားလှတဲ့သူမျိုး မတွေ့ဖူးဘူး။ ရှင့်အကြောင်း စာချုပ်တစ်အုပ်စာမက ပြောလို့ရတယ်။ ကြိုးစားငါ့ကောင်လေး။ ကြိုးစားထား ချဲလ်ဆီး။ ချစ်တယ်”ဆိုပြီး ပို့စ်တင်ခဲ့ပါတယ်။

ကီပါရဲ့ကန်ချက်ဟာ ဂိုးလွန်ဘောလိုမျိုး ဂိုးဘားပေါ်ကနေ တော်တော်လေး ကျော်တက်သွားခဲ့ပြီး ဘောလုံးက လီဗာပူး ပရိသတ်တွေရှိတဲ့ ပွဲကြည့်စင်ပေါ်ကိုတောင် ရောက်သွားခဲ့ပါတယ်။ အံ့သြစရာကောင်းတာက ပြိုင်ပွဲအကြောင်းအရာတွေ ရိုက်နှိပ်ထားတဲ့ အဲ့ဒီဘောလုံးကို ပရိသတ်တစ်ယောက်က ရသွားပြီး ဆိုရှယ်မီဒီယာမှာ တင်ခဲ့ပါသေးတယ်။

#လီဗာပူး #ချဲလ်ဆီး #ကီပါ #ကာရာဘောင်ဖလား