ရှေ့သို့
Image

လိုက်ပ်ဇစ်နည်းပြဟောင်း ဂျက်ဆီမာ့ရှ်ကို နည်းပြသစ်အဖြစ် အတည်ပြုခဲ့တဲ့ လိဒ်စ်ယူနိုက်တက်

10:10 AM, 1 March

လိဒ်စ်ယူနိုက်တက်အသင်းဟာ နည်းပြသစ်အဖြစ် ဂျက်ဆီမာ့ရှ်ကို ခန့်အပ်လိုက်ပြီဖြစ်ကြောင်း အတည်ပြုခဲ့ပြီးနောက် အမေရိကန်သားနည်းပြက “ကျွန်တော့်ရဲ့ (အမေရိကန်) လေသံကို မကြိုက်ရင်တောင်မှ ပရိသတ်တွေအတွက် နိုင်ပွဲတွေရယူပေးသွားမယ်လို့ ကတိပြုပါတယ်”လို့ ပြောသွားပါတယ်။

အသက် ၄၈ နှစ်အရွယ်ရှိ နည်းပြဟာ တနင်္ဂနွေနေ့က တန်းဆင်းဇုန်နဲ့ ၂ မှတ်အကွာကို ရောက်ရှိသွားခဲ့လို့ ထုတ်ပယ်ခံလိုက်ရတဲ့ လိဒ်စ်ယူနိုက်တက်ရဲ့ ဂန္တဝင်နည်းပြကြီးလို့ သတ်မှတ်ရမယ့် နည်းပြကြီး မာဆယ်လိုဘီရယ်ဆာရဲ့ နေရာမှာ အစားဝင်ရမှာပဲ ဖြစ်ပါတယ်။ မာ့ရှ်ဟာ ဒီရာသီလိုက်ပ်ဇစ်မှာ ၂၁ ပွဲသာ တာဝန်ယူခွင့်ရရှိခဲ့ပြီး ပထမဆုံး ပွဲစဉ်အဖြစ်တော့ စနေနေ့မှာ လက်စတာစီးတီးအသင်းနဲ့ ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။

မာ့ရှ်ကတော့ “ဒီအသင်းအတွက် သူရဲ့ကောင်းတစ်ယောက်ဖြစ်တဲ့ နည်းပြကြီးမာဆယ်လိုဘီရယ်ဆာရဲ့ နေရာမှာ အစားဝင်ဖို့ ထိုက်တန်တဲ့သူတစ်ဦးဖြစ်တယ်ဆိုတာကို ပရိသတ်တွေမြင်အောင် အများကြီး သက်သေပြသွားပါမယ်။ လိဒ်စ်ယူနိုက်တက်ပရိသတ်တွေက တိုက်စစ်ကစားတာကို ကြိုက်ကြတာ ကျွန်တော်သိပါတယ်။ အသင်းလိုက်စွမ်းဆောင်ရည်တွေ၊ တစ်သင်းလုံးဆင်း၊ တစ်သင်းလုံးကစားဟန်တွေနဲ့ အရင်နည်းပြကြီးက ပရိသတ်တွေအတွက် အကောင်းဆုံးစွမ်းဆောင်ပြသွားခဲ့တာပါ။ အဲ့ဒါကြောင့် ကျွန်တော့်ရဲ့ လေသံကိုမကြိုက်ရင်တောင်မှ၊ အရင်နည်းပြကြီးလောက် မကျော်ကြားရင်တောင်မှ ကျွန်တော့်အသင်းရဲ့ ကစားဟန်ကိုလည်း ပရိသတ်တွေ အကြိုက်တွေ့စေရမယ်လို့ ကတိပေးပါတယ်။ အချိန်တွေကြာလာရင်တော့ ပရိသတ်တွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်မယ်လို့ ယုံကြည်ပါတယ်”ဆိုပြီးပြောခဲ့ပါတယ်။

မာ့ရှ်ကိုခန့်အပ်ဖို့ ဦးဆောင်တိုက်တွန်းခဲ့သူဖြစ်တဲ့ လိဒ်စ်ယူနိုက်တက် အားကစားဒါရိုက်တာ ဗစ်တာအော်တာကလည်း “ဂျက်ဆီက ဆဲလ်ဘတ်မှာကတည်းက ကျွန်တော်တို့စောင့်ကြည့်ခဲ့တဲ့ နည်းပြတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့အတွေးအခေါ်တွေ၊ ကစားဟန်တွေက အသင်းနဲ့ရော၊ ကစားသမားတွေနဲ့ပါ ကိုက်ညီမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့မှာ ရေရှည်စီမံကိန်းတွေလည်း ရှိတာကြောင့် လိဒ်စ်ယူနိုက်တက်ကို အဆင့်တစ်ခုထိ တွန်းပို့ပြီး အနာဂတ်မှာ စိတ်လှုပ်ရှားစရာတွေ ဖန်တီးပေးနိုင်မယ့်သူလို့ ယုံကြည်ပါတယ်”ဆိုပြီး ပြောသွားခဲ့ပါတယ်။

၄၈ နှစ်အရွယ် အမေရိကန်လက်ရွေးစင်ဟောင်းဟာ Red Bull အဖွဲ့အစည်းနဲ့ ၂၀၁၅ ကတည်းက ပူးပေါင်းခဲ့တာဖြစ်ပြီး ပထမဆုံးအနေနဲ့တော့ New York Red Bull အသင်းကို တာဝန်ယူခဲ့ပါတယ်။ အဲ့ဒီနောက် ဥရောပကို ဆဲလ်ဘတ်အသင်းနည်းပြအဖြစ် စတင်ရောက်ရှိခဲ့ပြီး လိုက်ပ်ဇစ်ကိုတော့ နောက်ဆုံးတာဝန်ယူခဲ့ပါတယ်။

ဆဲလ်ဘတ်နဲ့အတူ သြစတီးယားဘွန်ဒက်လီဂါချန်ပီယံဖြစ်ခဲ့ပြီး လိုက်ပ်ဇစ်မှာလည်း နည်းပြဂျူလီယန်နာဂျယ်စ်မန်းရဲ့ နေရာမှာ အစားဝင်ပြီး ၂၁ ပွဲတာဝန်ယူခဲ့ပါတယ်။ ဒါပေမယ့် လိုက်ပ်ဇစ်မှာတော့ ၉ ပွဲနိုင်၊ ၄ ပွဲသရေကျပြီး ၉ ပွဲ ရှုံးနိမ့်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာကမှ အသင်းနဲ့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ပါတယ်။ လိဒ်စ်ယူနိုက်တက်မှာ သူ့ရဲ့အဓိကတာဝန်ကတော့ တန်းမဆင်းရရေးပဲ ဖြစ်ပါတယ်။

#လိဒ်စ်ယူနိုက်တက် #လိုက်ပ်ဇစ် #အပြောင်းအရွှေ့ #ဂျက်ဆီမာ့ရှ်