ရှေ့သို့
Image

ရုရှားလက်ရွေးစင်နဲ့ ကလပ်အသင်းတွေကို ဖီဖာနဲ့ ယူအီးအက်ဖ်အေ ပါဝင်ယှဉ်ပြိုင်ခွင့်ပိတ်ပင်

8:43 AM, 1 March

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)နဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)တို့ဟာ နောက်ထပ်ကြေညာချက် မထုတ်ပြန်သေးသရွေ့ ရုရှားလက်ရွေးစင်အသင်းနဲ့ ကလပ်အသင်းတွေကို ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်လိုက်ပြီဖြစ်ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က အိမ်နီးချင်း ယူကရိန်းနိုင်ငံထဲ စစ်ရေးအရ ကျူးကျော် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် နိုင်ငံအများစုက ဘယ်အဆင့်မှာပဲဖြစ်ဖြစ် ရုရှားနဲ့ ကစားမှာမဟုတ်ဘူးလို့ ကြေညာထားပါတယ်။ ပိုလန် ဘောလုံးအဖွဲ့ချုပ်က မတ်လ ၂၄ ရက်နေ့မှာ ကစားရမယ့် ရုရှားနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကို သပိတ်မှောက်သွားမယ်လို့ ကြေညာခဲ့ပြီး အက်ဖ်အေကလည်း ရုရှားအသင်းနဲ့ လက်ရွေးစင် ဘယ်အဆင့်မှာမဆို ကစားမှာမဟုတ်ကြောင်း ကြေညာထားပါတယ်။

ပြင်သစ်နိုင်ငံက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ရုရှားကို ထုတ်ပယ်ဖို့ တောင်းဆိုထားပြီး ဖီဖာက အစောပိုင်းမှာ ရုရှားကို တရားဝင်ပိတ်ပင်ခြင်းမရှိသေးဘဲ ကြားကွင်းမှာကစားဖို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီဆုံးဖြတ်ချက်ကို အများစုက ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပြီးနောက် ဖီဖာတာဝန်ရှိသူတွေက အစည်းအဝေးကြာမြင့်စွာပြုလုပ်ကာ ရုရှားအသင်းကို လုံးဝပိတ်ပင်လိုက်တာဖြစ်ပါတယ်။

ဒီအတွက်ကြောင့် ရုရှားဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခဲ့ရသလို အင်္ဂလန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အမျိုးသမီ ယူရို ၂၀၂၂ ပြိုင်ပွဲမှာလည်း ပါဝင်ခွင့်ရတော့မှာမဟုတ်ပါဘူး။

#ဖီဖာ #ရုရှား