ရှေ့သို့
Image

ကြားကွင်းမှာသာ ကစားဖို့ ဖီဖာရဲ့ အမိန့်ပေးခြင်းခံခဲ့ရတဲ့ ရုရှား လက်ရွေးစင် အသင်း

12:54 PM, 28 February

ဖီဖာကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ ရုရှား-ယူကရိန်းဖြစ်ရပ်ကြောင့် ရုရှားအသင်းရဲ့ နိုင်ငံအဆင့် အိမ်ကွင်းပွဲစဉ်တိုင်းကို ကြားကွင်းမှာပဲ ကစားဖို့နဲ့ နိုင်ငံအလံ၊ နိုင်ငံတော်သီချင်းတွေကို လုံးဝအသုံးမပြုဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ ဒါပေမယ့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA)  ကတော့ ရုရှားအသင်းကို ဒီနှစ်ပြိုင်ပွဲကနေပါ ထုတ်ပယ်ဖို့တောင်းဆိုခဲ့ပြီး ရုရှားအသင်းနဲ့ဆိုရင် သက်တမ်းအလိုက်အသင်းတွေကအစ ဘယ်အသင်းနဲ့မှ မကစားပါဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

အင်္ဂလန်ယူ ၁၇ အသင်းဟာ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲအဖြစ် ရုရှားယူ ၁၇ အသင်းနဲ့ မတ်လ ၂၆ ရက်နေ့မှာ ကစားရမှာဖြစ်ပေမယ့် အဆိုပါပွဲစဉ်ကို မနေ့ညက ဖျက်သိမ်းလိုက်ပါတယ်။ ရုရှားလက်ရွေးစင်အသင်းဟာလည်း နောက်လထဲမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲ play-off အဆင့်အဖြစ် ပိုလန်အသင်းနဲ့ ကစားရမှာဖြစ်ပြီး ဆွီဒင်၊ ချက်ဇ်တို့နဲ့လည်း ကာတာကမ္ဘာ့ဖလားဝင်ခွင့် တစ်နေရာစာအတွက် ယှဉ်ပြိုင်ရဖို့ရှိနေပေမယ့် နိုင်ငံသုံးနိုင်ငံလုံးက ရုရှားနဲ့ကစားဖို့ ဆန္ဒမရှိကြောင်း ကြေညာခဲ့ပါတယ်။

သတင်းတွေအရတော့ အင်္ဂလန် FA ဟာ အခြားဥရောပနိုင်ငံတွေနဲ့အတူ ပူးပေါင်းပြီး လာမယ့်ရက်ပိုင်းအတွင်း ရုရှားအသင်းကို ကမ္ဘာ့ဖလား play-off ကနေ ဖယ်ရှားဖို့ တောင်းဆိုသွားမယ်လို့လည်း သိရပါတယ်။ နိုင်ငံတကာ အိုလံပစ်ကော်မတီကတော့ ရုရှားကစားသမားတွေအနေနဲ့ ကြားနိုင်ငံတွေရဲ့ အလံအောက်မှာပဲ ပါဝင်ယှဉ်ပြိုင်ခွင့်ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒီအခြေအနေတွေကြောင့် ချဲလ်ဆီးအသင်းပိုင်ရှင် ရုရှားသူဌေးရိုမန်အီဘရာမိုဗစ်ကိုလည်း ယူကေအစိုးရက ပြည်ဝင်ခွင့်ပိတ်ခဲ့ပြီးနောက် အေဘရာမိုဗစ်က အသင်းကို ချဲလ်ဆီးပရဟိတဖောင်ဒေးရှင်းထံ လွှဲပြောင်းပေးကြောင်း ကြေညာခဲ့ပါတယ်။ အေဘရာမိုဗစ်ဟာ ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်စစ်စတင်သူ ရုရှားသမ္မတပူတင်နဲ့လည်း ရင်းနှီးသူဖြစ်တာကြောင့် ယခုထက်ပိုတဲ့ ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

ချဲလ်ဆီးနည်းပြတူချယ်ကတော့ လီဗာပူးကို EFL ဖလားဖိုင်နယ်မှာ အရေးနိမ့်ခဲ့ပြီးနောက်“လက်ရှိ အခြေအနေတွေက ကျွန်တော့်ရဲ့နေ့စဉ်လုပ်ငန်းတွေကို မပြောင်းလဲသွားစေပါဘူး”လို့ ပြောခဲ့ပါတယ်။

ချဲလ်ဆီးအသင်းကလည်း “ငြိမ်းချမ်းရေးကို လိုလားကြောင်းနဲ့ ယူကရိန်းပြည်သူတွေနဲ့ တစ်သားတည်း ရှိကြောင်း”တွေကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ချဲလ်ဆီးဂန္တဝင် ပီတာချက်၊ လီဗာပူးဂန္တဝင် ဂျင်မီကာရေဂါ၊ မန်ချက်စတာယူနိုက်တက် ဂန္တဝင်ဂယ်ရီနဗီးလ်တို့ကလည်း စစ်ပွဲတွေကို လက်မခံကြောင်း၊ ဥရောပကို စစ်မီးလောင်ကျွမ်းစေမယ့် ရုရှားရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်းနဲ့ ယူကရိန်းပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ကြောင်းတွေကို ထုတ်ဖော်ပြောကြားခဲ့ကြပါတယ်။

#ဖီဖာ #ရုရှား