ရှေ့သို့
Image

ပိုလန်၊ ဆွီဒင်တို့နဲ့အတူ ချက်လည်း ရုရှားနဲ့ ကစားမှာမဟုတ်ဘူးလို့ ထုတ်ပြန်ကြေညာ

8:09 PM, 27 February

ချက်အသင်းဟာ ပိုလန်၊ ဆွီဒင်တို့နဲ့အတူ ကတယ်လို့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ရုရှားနဲ့ ရင်ဆိုင်ရရင် ကစားသွားမှာမဟုတ်ကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

ယူကရိန်းနိုင်ငံကို ရုရှားသမ္မတ ပူတင် ကျူးကျော်မှုကြောင့် ဖီဖာလည်း ရုရှားအသင်းကို ကမ္ဘာ့ဖလားခြေစစ်ပွဲ Play-offs အဆင့်ကနေ ထုတ်ပယ်ဖို့ ဖိအားပေးခံနေရပြီး ချက်က မတ်လ ၂၄ ရက်နေ့မှာ ကမ္ဘာ့ဖလားခြေစစ်ပွဲ Play-offs ပွဲစဉ်အဖြစ် ဆွီဒင်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

အဲဒီအတွဲက အနိုင်ရမယ့်အသင်းက ရုရှား-ပိုလန်အတွဲက အနိုင်ရမယ့်အသင်းနဲ့ နောက်ဆုံးအဆင့်ကစားရမှာဖြစ်ပြီး ပိုလန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်သူက ဆီမီးဖိုင်နယ်ပွဲကို ကစားမှာမဟုတ်ကြောင်း အတည်ပြုထားပါတယ်။

ချက်အသင်းကလည်း သူတို့ရဲ့တွစ်တာကနေ ပိုလန်နဲ့ သဘောထားအတူတူဖြစ်ကြောင်း ပို့စ်တင်ခဲ့ပြီး ရုရှားအသင်းနဲ့ ကစားဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

ရုရှားစစ်တပ်ဟာ ယူကရိန်းနိုင်ငံရဲ့ဒုတိယမြို့တော် ခါကိဗ်ထဲဝင်ရောက်နေပြီဖြစ်ပြီး ပြင်းထန်တဲ့တိုက်ခိုက်မှုတွေနဲ့အတူ တရကြမ်းထိုးစစ်ဆင်နေပါတယ်။

ပိုလန်အသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားဖြစ်တဲ့ ဘိုင်ယန်တိုက်စစ်မှူး လီဝန်ဒေါစကီးကလည်း လက်ရွေးစင်အသင်းရဲ့ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ပြီး ယူကရိန်းကို ကျူးကျော်မှုအတွက် ရုရှားဘောလုံးသမားတွေနဲ့ ပရိသတ်တွေ တာဝန်ယူစရာမလိုပေမယ့် ပိုလန်အသင်းအနေနဲ့ ဘာမှမဖြစ်သလို ဟန်ဆောင်နေလို့မရဘူးလို့ ပြောပါတယ်။

#ယူကရိန်း #ရုရှား